အိမ်ကို ဘယ်တော့ပြန်ရမလဲ

အိမ်ကို ဘယ်တော့ပြန်ရမလဲ
by -
မဇ္စျိမ

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က ကရင်ပြည်နယ် မြဝတီတစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ ထိုင်းပြည်တွင်း လုံခြံုရေးဌာနက ကမကထလုပ်ပြီး မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးပွဲတစ်ခု လုပ်ပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို မြန်မာဒုက္ခသည်စခန်းတွေ တည်ရှိတဲ့ နယ်စပ် (၄) ခရိုင်က ဒေသဆိုင်ရာ ကွပ်ကဲရေးမှူးတွေ၊ ထိုင်းနယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေ၊ ထိုင်းပြည်ထဲရေး ဌာနက တာဝန်ရှိသူတွေ၊ UNHCR အပါအဝင် ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။ ကရင်တိုင်းရင်းသားအများစုဖြစ်တဲ့ အဲဒီဒုက္ခသည် တွေရဲ့ ကံကြမ္မာ ဘာဆက်ဖြစ်လာနိုင်သလဲ၊ မြန်မာအစိုးရနဲ့ ကေအင်နယူလို လက်နက်ကိုင်တိုင်းရင်းသား တွေကရော ဘာတွေဆက်လုပ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အဲဒီဆွေးနွေးပွဲက မပြီးသေးတဲ့အတွက်ကြောင့် ရလဒ်ဘယ်လိုထွက်လာမယ် မသိနိုင်သေးပါဘူး။ ဇွန်လ ၁၈ ရက်ကတော့ မဲဆောက်အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသူတွေဟာ ထိုင်းနိုင်ငံက အကြီးဆုံးမြန်မာ ဒုက္ခသည် စခန်းဖြစ်တဲ့ မယ်လစခန်းကိုသွားရောက် လေ့လာခဲ့ကြပါတယ်။ တကယ်တော့ ထိုင်းနယ်စပ်မှာ ဒီဒုက္ခသည်စခန်းတွေစပြီး ဖြစ်တည်လာတာ ကေအင်န်ယူတပ်ဖွဲ့နဲ့ အာဏာရှင်ဦးနေဝင်းရဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ) တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ၁၉၈၄ ၀န်းကျင်လောက်ကတည်း ကပါ။ ခုဆို နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ ထိုင်းအစိုးရစာရင်းတွေအရ နယ်စပ်မှာ ဒုက္ခသည်စခန်း (၉) ခုရှိပြီး စုစုပေါင်း ဒုက္ခသည် တစ်သိန်း နှစ်သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့ရင်းမြစ်တွေကတော့ ဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်းလောက်အထိ ရှိနိုင်တယ်လို့လည်း တွက်ကြပါတယ်။

ကရင်တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ အဲဒီဒုက္ခသည်စခန်းတွေဟာ တောက်လျောက် တည်တည်ငြိမ် ငြိမ် ရှိခဲ့တာတော့ မဟုတ်ပါဘူး။ ကေအင်န်ယူကနေ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ တပ်မှူးငယ်နဲ့တပ်သား အများစု ခွဲထွက်၊ စစ်ထောက်လှမ်းရေးတွေရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ DKBA လို့ခေါ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်ဖွဲ့ ဖွဲ့စည်းပြီး ကေအင်န်ယူကို ပြန်တိုက်ခိုက်တဲ့အချိန်မှာတော့ သူတို့ ဒုက္ခ ပိုဆိုးရွားခဲ့ပါတယ်။ အကြောင်းကတော့ ဒီဒုက္ခသည်စခန်းတွေမှာ ကေအင်န်ယူ ခေါင်းဆောင်တွေခိုလှုံနေ တယ်။ လက်နက်တွေ ဖွက်ထားပြီး ဒုက္ခသည်စခန်းတွေကနေ မြန်မာဘက် အခြမ်းကူးပြီး အစိုးရတပ်ကို ၀င်တိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒုက္ခသည် စခန်းတွေအထိ ၀င်ရောက်တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးမှုတွေ အကြီးအကျယ်လုပ်ခဲ့လို့လည်း ဖြစ်ပါတယ်။ ကရင် ကရင်ချင်း သတ်ဖြတ်ကြတဲ့ အဆိုးရွားဆုံး စစ်ပွဲရဲ့ဒဏ်ကို ဒုက္ခသည်စခန်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ ခါးခါးသီးသီး ခံခဲ့ကြရတာပါ။ နောက်ပိုင်းထိုင်းအစိုးရဟာ ဒုက္ခသည်စခန်းတွေကို မြန်မာဘက်အခြမ်းကနေ အလွယ်တကူဝင်ရောက် တိုက်ခိုက် လို့ မရနိုင်တဲ့ အကွာအဝေးအထိ ရွှေ့ပြောင်းပေးခဲ့ပြီး နယ်ခြားစောင့်တပ်တွေကလည်း လုံခြံုရေးယူပေးခဲ့ရပါတယ်။

ဒုက္ခသည်စခန်းရောက်တဲ့ တိုင်းရင်းသားတွေကို အမေရိကန်အပါအဝင် တတိယနိုင်ငံတွေက ဒုက္ခသည်တွေ အဖြစ် လက်ခံခေါ်ယူတဲ့ အစီအစဉ်တွေ ရှိခဲ့ပေမယ့် တကယ့်ဒုက္ခသည် အရေအတွက်နဲ့စာရင်အတော်လေး နည်းပါတယ်။ ဒီအထဲ တတိယနိုင်ငံ သွားခွင့်ရမယ့် အရေးအတွက် ဒုက္ခသည်အတုတွေလည်း ပေါ်ပေါက် လာပြီး အလွန်ကြီးမားတဲ့ အဂတိလိုက်စားမှုနဲ့ စျေးကွက်ကြီးတစ်ခုတောင် ပေါ်ပေါက်ခဲ့ပါသေး တယ်။ တချို့မြို့ပေါ် အေးအေးချမ်းချမ်းနေရသူတွေ ဒုက္ခသည်စခန်းက တာဝန်ရှိသူတချို့နဲ့ပေါင်း၊ လာဘ်ငွေပေး၊ UNHCR လို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ စာရင်းပေါက်အောင် လုပ်၊ နောက်တော့ တန်းစီဇယား ထဲဝင်၊ ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေးချမ်းချမ်း ပြန်လာ နေထိုင်စားသောက်၊ နောက် တတိယနိုင်ငံသွားဖို့ စာရင်းထဲပါတဲ့အခါ စခန်းထဲပြန်ဝင် ဒီလိုနည်းနဲ့ အမေရိကအပါအဝင် တတိယနိုင်ငံကို ရောက်သွားတဲ့ ဒုက္ခသည် အတုတွေကလည်း မနည်းပါဘူး။

တချို့တွေဆို ဒီစခန်းထဲမှာပဲ မွေးလာကြတဲ့အတွက် မွေးရာပါ ဒုက္ခသည်တွေလို့တောင် ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဆိုတာ ဘာမှန်းမသိ၊ ကရင်ပြည်နယ်ဆိုတာ ဘယ်လိုမှန်း မမြင်ဖူးသူတွေလည်း ရှိပါတယ်။ ဒီဒုက္ခသည်စခန်းနဲ့ သူတို့ထွက်လို့ သွားလို့ရတဲ့ အလုပ်သွားလုပ်ရာနေရာတွေဟာ သူတို့ဘဝ သူတို့ကမ္ဘာပါပဲ။ ဒုက္ခသည်တွေ နေရေးကို ထိုင်းနိုင်ငံက နေရာပေးထားပါတယ်။ တချို့ဒုက္ခသည် စခန်းတွေကတော့ ရေနဲ့ လျှပ်စစ်မီးရပါတယ်။ စားရေးသောက်ရေးကိုတော့ နိုင်ငံတကာ မိသားစုတွေရဲ့ ကူညီထောက်ပံ့မှုကို အဓိကထားနေရတာ ဒီကနေ့အထိပါပဲ။ ပညာရေးကတော့ ဒုက္ခသည် စခန်းမှာ နေသူချင်း ပြန်သင်တဲ့ စနစ်နဲ့ သွားနေတယ်လို့ပဲ သိရပါတယ်။

ခုလို ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်လာတဲ့အခါ မြန်မာပြည်ဘက်အခြမ်းက ကရင်တိုင်းရင်းသားတွေရဲ့ ဘဝကိုလည်း တစ်စေ့တစ်စောင်း ပြန်ကြည့်ဖို့လိုလာပါတယ်။

ဒီနေ့အချိန်ထိ ကရင်တိုင်းရင်းသားတွေဟာလည်း ဒုက္ခသည်အမည်မခံထားတဲ့ ဒုက္ခသည်သာသာအဆင့် အတန်း နဲ့ နေထိုင်နေကြရတာပါ။ ပြည်တွင်းမှာ စစ်ပွဲတွေ မပြီးဆုံးသေးပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်း တွေကလည်း တစ်ခုမက၊ နှစ်ခုမက၊ သုံးခုမက အကွဲကွဲအပြားပြား ဖြစ်နေတာပါ။ တိုက်ကြခိုက်ကြလို့ ကိုယ့်ရွာ ကိုယ်မနေရဲ၊ လုပ်စားစရာ နေရာမရှိ၊ ပြည်တွင်းမှာပဲ ဟိုပြေးဒီရှောင်လုပ်နေရသူတွေလည်း မနည်းပါဘူး။ တချို့ကတော့ ကိုယ့်ရပ်ရွာဇာတိမှာ လုပ်စားကိုင်စား အဆင်မပြေလို့ ထိုင်းနိုင်ငံထဲမှာအောက် ခြေသိမ်းအလုပ်တွေ နှစ်ရှည်လများ သွားလုပ်ရင်း သက်မွေးဝမ်းကျောင်း ပြုနေကြရပါတယ်။ အဲဒီအထဲမှာ ကရင်တိုင်းရင်းသားတွေ သိန်းဂဏန်းတချို့ ရှိနိုင်ပါတယ်။ ပြည်တွင်းက ကရင်တိုင်းရင်းသားတွေလည်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကဏ္ဍအားလုံး နိမ့်ကျနေတာပါ။

ဒါပေမဲ့ ကောင်းကွက်တစ်ခုကတော့ အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေ အားလုံး အပစ်အခတ်ရပ်စဲထားပြီး အင်အားအရှိဆုံးလို့ဆိုတဲ့ ကေအင်န်ယူနဲ့ အစိုးရဆက်ဆံရေး အလွန်အဆင်ပြေနေတာပါ။ ဒီအခြေအနေကို အသုံးပြုပြီး အပစ်အခတ်ရပ်စဲထားခြင်းဖြင့် ကရင်တိုင်းရင်းသားတွေနဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာ စံနမူနာပြနိုင်ဖို့ အခွင့်အရေးလည်းရှိနေပါတယ်။ ဒါကြောင့် ဘယ်ဆီနေမှန်း မသိသေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးတွေ မစခင် ဒုက္ခသည်တွေ အရေးကိစ္စစပြီး ကိုင်တွယ် ဖြေရှင်းကြပါ၊ လိုအပ်ရင် နိုင်ငံတကာ ညီလာခံတစ်ခုခေါ်ပါ၊ ကိုယ့်တိုင်းရင်းသား ပြည်သူတွေအကျိုး အချိန်မဆိုင်းဘဲ လုပ်ကြကိုင်ကြပါတော့လို့ အစိုးရကိုရော၊ ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုပါ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။