မွန်ပါတီများဖြစ်ကြသည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်မရှိကြောင်း သက်ဆိုင်ရာ ပါတီခေါင်းဆောင်များက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုးက “ အခုလစ်လပ်နေတဲ့နေရာတွေမှာ ဒေသခံ မွန်လူမျိုးအင်အား နည်းပါးလွန်းတဲ့အတွက်ကြောင့် ဝင်ပြိုင်လဲနိုင်မှာမဟုတ်ဘူး၊ လုံးဝ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားတယ်” ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကျင်းပမည်ဟု ပြောဆို နေသော်လည်း ကျင်းပမည့်ရက်အတိအကျကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာ ချက်ထုတ်ပြန်ခြင်း မရှိသေးဟု ဆိုသည်။
မွန်အမျိုးသားဒီမိုကရေစီပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စိုးမြင့်က “ လစ်လပ်နေတဲ့ သထုံမြို့နယ်ဘက်မှာ ကျနော်တို့ပါတီ မဲရဖို့ အင်အားအရမ်းနည်းနေတာ့ ဝင်ပြိုင်ဖို့အားမရှိသလို အစီစဉ်လဲမရှိသေးဘူး၊ ဒါပေမယ့် ပြည်ခိုင်ဖြိုးနဲ့ NLD တို့ဝင်ပြိုင်မယ်လို့ သိရတယ်” ဟု ပြောသည်။
လတ်တလောတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ အမျိုးသားလွှတ်တော် ၆ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး စုစုပေါင်း ၃၁ နေရာ လစ်လပ်နေဆဲဖြစ်သည်။