အပစ်ရပ်ရေး ဆွေးနွေးချက်များ ပြန်လည်သုံးသပ်ရန် NCCT အကြို ဆွေးနွေး

အပစ်ရပ်ရေး ဆွေးနွေးချက်များ ပြန်လည်သုံးသပ်ရန် NCCT အကြို ဆွေးနွေး
by -
ကေအဲန်ဂျီ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အကြို ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၉ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် စတင်ကျင်းပနေသည်။

၁၃ ကြိမ်မြောက် NCCT ၏ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့်သြဂုတ်လ ၁၅-၁၇ ရက်နေ့များတွင် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UWPC နှင့်NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ညှိနှိုင်းဆွေးနွေးပွဲအပေါ် ပြန်လည်သုံးသပ်ကြခြင်း ဖြစ်သည် ဟု NCCT ၏ ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

Naing-han-thar-ncct-president

“ပြီးခဲ့တဲ့ ဆွေးနွေးပွဲအနေအထားတွေကို ပြန်သုံးသပ်တယ်။ ဒုတိယ မူကြမ်းပေါ်မှာ မပြေလည်တဲ့ဟာတွေ မှတ်တမ်းတွေမှာ ဘယ်လိုပါလဲဆိုတာတွေပါ။ မရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တွေ၊ code of conduct ၊ စစ်ရေးဆိုင်ရာ ကိစ္စတွေညှိနေတာ” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် တပ် ပိုင်းဆိုင်ရာကိစ္စ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) နှင့် ကျင့်ဝတ်စည်းမျဉ်း (Code of conduct) များနှင့် ပတ်သက်၍ ညှိနှိုင်းပြီး ရှေ့လုပ်ငန်းစဉ်များ ကို ချမှတ်ကြမည် ဖြစ်ကြောင်း သိရသည်။

“ဆွေးနွေးပွဲမှာ ဒုတိယ မူကြမ်းပေါ်မှာ မပြေလည်တဲ့ဟာတွေမှတ်တမ်းရေးတဲ့နေရာမှာ တစ်ဖက်နဲ့တစ်ဖက် နည်းနည်း ကွဲလွဲနေတာတွေ နည်းနည်းရှိနေတယ်။ အဲဒါတွေညှိနေတယ်။ လာမဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ code of conduct ညှိဖို့နဲ့ Joint Monitoring လုပ်ဖို့အတွက်ဘယ်လို လုပ်မလဲဆိုတာတွေ ညှိနေတယ်” ဟု နိုင်ဟံသာ ကပြောသည်။

NCCT သည် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် ဆက်လက် အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး တပ် ပိုင်းဆိုင်ရာ၊ ပူးတွဲကော်မတီ ဖွဲ့စည်းရေးနှင့် ကျင့်ဝတ်စည်းမျဉ်းများ နှင့်ပတ်သက်၍ ဆွေးနွေးနေသည် ဟု NCCT ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

အဖွဲ့ဝင်တစ်ဦးဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အတွင်းရေးမှူး (၂) ဦးရွှေမျုုိးသန့် နေရာတွင် ဗဟိုကော်မတီဝင် ခူးတောရယ် အား ပြန်လည်အစားထိုးခန့်အပ်ကြောင်း NCCT ၏ အစည်းအဝေး ပထမနေ့တွင် အတည်ပြုခဲ့သည် ဟု သိရသည်။

NCCT နှင့် UPWC တို့ ဆွေးနွေးရန် ကျန်ရှိနေသော အပစ်အခတ် ရပ်စဲပြီးနောက် ကြားကာလတွင် တပ်နေရာ ချထားရေးကိစ္စ၊ ပြန်လည် ပစ်ခတ်မှုများ မရှိစေရန် ကျင့်ဝတ်စည်းမျဉ်းများနှင့် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းခြင်းများ ဖြစ်သည်ဟု သိရသည်။

“အဲဒီကြားကာလမှာ တိုက်ပွဲမဖြစ်ဖို့ ဘယ်လိုထိန်းသိမ်းထားမလဲ၊ တပ်နေရာချထားရေးနဲ့ code of conduct ဘယ်လို ထားမလဲ။ ကြားကာလမှာထိန်းသိမ်းနိုင်ရေးအတွက်ပါ” ဟု နိုင်ဟံသာ က ပြောသည်။

အစိုးရဘက်မှ လာမည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ရက်နေ့များတွင် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားမှုကို NCCT ဘက်မှ တွေ့ဆုံမည့် ရက်ကိုဆုံးဖြတ်ပေးနိုင်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

NCCT အစည်းအဝေးကို လာမည့် စက်တင်ဘာလ ၁၁ရက်နေ့ထိ သုံးရက်ကြာ ကျင်းပကြမည် ဖြစ်ပြီး တစ်နို်င်ငံလုံး အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းအပေါ် ပြန်လည် သုံးသပ် အတည်ပြုကြမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော NCCT ကို စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းအပေါ် ဆွေးနွေး ညှိနှိုင်းနေသည်။

Most read this week