အမျိုးသားနေ့၌ လက်ပံတောင်း စီမံကိန်း ဖြိုခွင်းမှု သံဃာများ ဆန္ဒပြ

အမျိုးသားနေ့၌ လက်ပံတောင်း စီမံကိန်း ဖြိုခွင်းမှု သံဃာများ ဆန္ဒပြ
by -
ရွှေဟင်္သာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသရှိ သပိတ်စခန်း များအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အပေါ် (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည့် ယနေ့တွင် ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့ကြီးများ၌ သံဃာတော်နှင့် လူထုများက ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

နို၀င်ဘာလ (၂၉) ရက်နေ့ နံနက်က သပိတ်စခန်း ဖြိုခွဲခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဦးစီး ဌာနမှ တာဝန်ယူ ဖြေရှင်း ပေးရန်အပါအဝင် နောက်ဆက်တွဲ ဆန္ဒထုတ်ဖော် ခဲ့သူများအား အစိုးရက ဖမ်းဆီး အရေးယူ ထားသည့်ကိစ္စ အမြန်ဆုံး လွှတ်ပေးရန်၊ အကြမ်းဖက် ဖြိုခွင်းခဲ့သူများအား ဖော်ထုတ်အရေးယူပေး ရန် ကိစ္စများအား ရန်ကုန် မြို့တော်ခန်းမ ရှေ့၌ ယနေ့ မွန်းလွဲ နှစ်နာရီ ခွဲခန့်က တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူ များက ရန်ကုန် မြို့ရှိ ကြေးသွန်းဘုရားကြီး၊ မြို့တော်ခန်းမရှေ့နှင့် ကမ္ဘာအေးစေတီတို့ အပါအဝင် နေရာ (၅) ခုခန်တွင် စုရပ်ထား၍ ဆန္ဒပြ ခဲ့သည်။

တချိန်တည်းတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အတွင်း၌ သံဃာ တော်များက ထိုင်သပိတ် ပြုလုပ် ခဲ့ကြပြီး မွန်းလွဲ ၁ နာရီ (၄၅) မိနစ် ခန့်တွင် ဆန္ဒပြသူ အားလုံး၏ သဘော တူညီချက်ဖြင့် သကျသီဟ ဘုရားသို့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

အလားတူ မုံရွာမြို့ရှိ ဇောတိက ရာမ ကျောင်းတိုက်နှင့် အုတ်ကန် တောရ ကျောင်းတိုက် များမှ သံဃာတော် အပါး ၅၀၀ ကျော်က ရွှေစည်းဂုံ စေတီ ဘုရားကြီး၌ စုရပ်ပြု၍ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ မြို့တွင်းသို့ စီတန်း လှည့်လည် ဆန္ဒပြခဲ့သည်။

ထို့အပြင် ကမ်းနားလမ်း ပေါ်ရှိ တားရိုးပေါ်မှ လက်ပံတောင်း တောင်ဘက်သို့ မျက်နှာ မူကာ ဒဏ်ရာရ သံဃာတော် များအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း ပြုလုပ် ခဲ့ကြသည်။

ဆန္ဒပြသူ များ၏ အဓိက တောင်းဆို ချက်များကို အစိုးရမှ မလိုက်လျော ပါက ဒီဇင်ဘာလ (၁၂) ရက်နေတွင် ဆက်လက်၍ ဆန္ဒဖေါ်ထုတ် သွားရန်ရှိကြောင်း ဆန္ဒပြ ကိုယ်တော်များက မိန်ကြားသည်။

Most read this week