AFFM နှင့် မိတ်ဖက်သမဂ္ဂများ အရေးပေါ် အစည်းအဝေးကျင်းပ

AFFM နှင့် မိတ်ဖက်သမဂ္ဂများ အရေးပေါ် အစည်းအဝေးကျင်းပ
by -
ရွှေဟင်္သာ

AFFMမြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်အမားများ အဖွဲ့ချုပ် (AFFM) က အခြားသော မိတ်ဖက် သမဂ္ဂ များနှင့် ပူးပေါင်းပြီး အရေးပေါ်အစည်းအဝေး တရပ်ကို ယမန်နေ့က ရန်ကုန်မြို့ နိကယ် ကျောင်းတိုက်တွင် ကျင်းပ ခဲ့သည်။

အစည်းအဝေး ကျင်းပနေစဉ် (ဓါတ်ပုံ AFFM)
“တိုင်းနဲ့ပြည်နယ် (၈) ခုကနေ ကိုယ်စားလှယ်ပေါင်း (၅၄) ဦး တက်ရောက် ပါတယ်။ ကျနော်တို့ (AFFM) အဖွဲ့အပြင် ပေါ့လေ မြန်မာနိုင်ငံ စက်မှုဇုန် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) ရယ်၊ ကျောင်းဆရာ သမဂ္ဂများ အဖွဲ့ချုပ် (PTU) ရယ်၊ ပြီးတော့ သတင်းနဲ့ စာအုပ် ထုတ်ဝေရေး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (JPPWU)တို့နဲ့ လက် တွဲပြီးတော့ လုပ်ဆောင် ခဲ့ပါတယ်။” ဟု AFFM ဒုဥက္ကဌ ဖြစ်သူ စောသိန်းကြည်က ပြောပါသည်။

AFFM သည် လွတ်လပ်သော တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်အမားများ အဖွဲ့ချုပ် ဖြစ်သည့် အတွက် နိုင်ငံတကာ သမဂ္ဂ များနှင့်လည်း လွတ်လပ်စွာ ဆက်ဆံ သွားမည်ဟု ယင်းအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း စသည့် ပြည်နယ်နှင့် တိုင်း (၈) ခုမှ ကိုယ်စားလှယ် (၅၄) ဦး တက်ရောက် ခဲ့ကြပြီး ၎င်းတို့ ဒေသတွင်း ဖြစ်ပေါ်နေသည့် သမဂ္ဂ စုဖွဲ့မှု အခြေအနေနှင့် ဒေသ အခြေအနေ များကို တင်ပြ ဆွေးနွေး ခဲ့ကြသည်။

AFFM အား အစိုးရမှ ချမှတ် ထားသည့် ဥပဒေ အတိုင်း စုဖွဲ့ ထားခြင်း ဖြစ်ပြီး ဥက္ကဌ ဒေါ်သန်းသန်းဌေး၊ ဒုဥက္ကဌ (၁) စောသိန်းကြည်၊ ဒုဥက္ကဌ (၂) ဦးစိုးလေး(ခ) ဦးစိုးဝင်း၊ အတွင်း ရေးမှူး ဦးဖိုးယဉ်အေး၊ တွဲဖက် အတွင်းရေးမှူး (၁) ဦးမြင့်ဌေး နှင့် တွဲဖက် အတွင်းရေးမှူး (၂) ဦးလေးလွင် တို့ ဖြစ်ကြပြီး အလုပ် အမှုဆောင် အဖွဲ့ဝင်ပေါင်း (၁၄) ဦးနှင့် ဖွဲ့စည်း ထားသည်။

“ရပ်/ကျေး ဖွဲ့စည်းမှုတွေ မှတ်ပုံတင်ရရှိဖို့ ဒီဇင်ဘာလ အတွင်း အားလုံး ရရှိဖို့၊ မြို့နယ် အဆင့်ကို ဖေဖော် ဝါရီလ အတွင်းမှာနဲ့ ပြည်နယ်တိုင်း အဆင့်ကိုတော့ မတ်လ မကုန်ခင် အပြီး လုပ်ဆောင် ပြီးတော့မှ အေပြီ လအမှီ အဖွဲ့ချုပ် အဆင့် အနေနဲ့ ညီလာခံ ခေါ်ယူနိုင်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်” ဟု စောသိန်းကြည်က ဆိုသည်။

ပထမဆုံးခေါ်ယူသည့် အစည်းအဝေးဖြစ်သလို မြို့နယ်အဆင့် သမဂ္ဂများ ဖွဲ့စည်းနိုင်သည့် နေရာများအနက် ရန်ကုန်တိုင်း၌ (၃) နေရာ၊ ဧရာဝတီတိုင်း၌ (၂) နေရာနှင့် အခြား ပြည်နယ်နှင့် တိုင်းများ၌ (၈) နေရာဖွဲ့စည်း နိုင်ပြီး ဖြစ် သည်ဟုလည်း ဆိုသည်။

(AFFM) အား ၂၀၁၁ ခုနှစ် အောက်တို ဘာလ ၂၅ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ စားသောက်ကုန် လုပ်ငန်းများ ဆိုင်ရာ သမဂ္ဂ (IUF) ၏ အဖွဲ့ဝင် ဖြစ်သည်။

Most read this week