လွိုင်ကော်မြို့တွင် ဖယ်ဒရယ်ရေးရာဆွေးနွေးပွဲ ကျင်းပ

လွိုင်ကော်မြို့တွင် ဖယ်ဒရယ်ရေးရာဆွေးနွေးပွဲ ကျင်းပ
by -
ကန္တာရဝတီတိုင်းမ်

ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဖယ်ဒရယ်ရေး ရာ ဆွေးနွေးပွဲတစ်ခုကို ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ ၂၇အထိ လွိုင်ကော်မြို့ရှိ ဟိုတယ်လွိုင်ကော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ငန်းပြီးမြောက်သွားပါက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအကြားတွင် ဖယ်ဒရယ် အရေးဆွေးနွေးမှုမှာ အရေးပါလာမည် ဖြစ်သည့်အတွက် ယခုလို ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဆရာကျော်လင်းဦးကဆိုသည်။

peace-meeting-roks1

“ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်လို့ တော်တော်လေးကိုပြောကြရမယ့် သဘောရှိပါတယ် အဲဒီလိုပြောတဲ့အခါမှာ ပိုပြီးတော့မှ နီးစပ်အောင် ပြည်နယ်တွေမှာ ကျနော်တို့ ဒီလိုဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲတွေ လာလုပ်တာပေါ့” ဟု ကန္တာရဝတီတိုင်းသို့ပြောသည်။

ဆွေးနွေးပွဲတွင် လက်ရှိငြိမ်းချမ်းရေးနှင့် ရှေ့အလားလာ၊ ဖွံ့ဖြိုးရေးနှင့် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဆိုင်ရာ ပြည် နယ်၏ ရပိုင်ခွင့်များ၊ ဖက်ဒရယ်ရေးရာ သဘောတရားများ၊ ကယားပြည်နယ်အဆင့် ဖက်ဒရယ်ရေးရာများ စသည့် ခေါင်းစဉ်များဖြင့် နှစ်ရက်တာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အစိုးရဖက်မှ ပြည်နယ်အတွက် အမှန်တကယ်တာဝန်ယူနိုင်သူများကို ဖိတ်ကြားထားခဲ့သော်လည်း ကြားခံများသာ တက်ရောက်လာသည့်အတွက် အစိုးရအနေဖြင့် ဖယ်ဒရယ် အရေး ဆွေးနွေးမှုကို အလေးထားရန်လိုကြောင်း Women Safe House တာဝန်ခံ မရိုစီကျော်ကပြောသည်။

“တကယ်တမ်း မေးခွန်းတွေ ထုတ်တဲ့အခါမှာ ပြန်မဖြေနိုင်တာတွေ ရှိတယ်။ ပူးပေါင်းမှု မရှိဘူး။ ဖက်ဒရယ်ဆိုတဲ့ အပေါ် နှစ်သက်တဲ့ ပုံမပေါ်ဘူး။ ဗဟိုချုပ်ကိုင်မှုစနစ်ကိုပဲ ကိုင်ထားချင်တဲ့ သဘေားမျိုးဖြစ်နေ တယ်”ဟု ပြောသည်။

ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရာတွင် ဖယ်ဒရယ်စနစ်မှာ အရေးပါသော စနစ်တစ်ခုဖြစ်သော်လည်း လက်တွေ့တွင် အစိုးရဖက်မှ လိုက်နာကျင့်ကြံမှု အားနည်းနေသေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆွေးနွေးပွဲ ပထမနေ့ အမှာစကားတွင် ပြောကြားခဲ့သည်။

ဖက်ဒရယ် ဆွေးနွေးပွဲမျိုးမှာ ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် လာရောက်ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း ရ၀ခန့် တတ်ရောက်ဆွေးနွေးခဲ့ကြသည်။

Most read this week