မိုးသည်းထန်ရွာ တောင်မြေပြိုကျ ပြည်ထောင်စုကားလမ်းပိတ်ဆို့

မိုးသည်းထန်ရွာ တောင်မြေပြိုကျ ပြည်ထောင်စုကားလမ်းပိတ်ဆို့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် တရုတ်နယ်စပ် ပြည်ထောင်စု လမ်းမထက်၌ ရေကြီး တောင်ပြို သစ်ပင်ပြိုလဲရာ ကုန်ကား ခရီးသည်ကား အစီးထောင်ချီ ပိတ်မိကြောင်း ကားဆရာ တဦး ကပြောပါသည်။

သိန္နီ၌ ရေလျှံသည့်ပုံ (ဓါတ်ပုံ- ကော့လီမီဒီယာ)
“မိုးက တော်တော်လေးကို ရွာတယ်။ တနေ့က တညလုံးဘဲ။ မနေ့က မူစယ်ကနေ ဆိုင်ကယ်နဲ့ လာလို့ လားရှိုးကို ရောက်တာ။ ဒါတောင် နမ့်ကွတ်ချောင်းက ခါးအထိရေလျှံလို့ ချောင်းကူးခ ဆိုင်ကယ်ဝိုင်းမပေးဖို့ ကျပ်ငါးထောင် ပေးလိုက်ရတယ်” - ဟု ဆိုင်ကယ်သမားတဦးက ပြောပါသည်။

ဩဂတ်စ် ၁၃ ရက် တညလုံးမိုးရွာသွန်းသောကြောင့် ပြည်ထောင်စုလမ်းမှ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာ အကြား တောင်ပြို၊  သစ်ပင်ပြို၊ ချောင်းရေကြီး သောကြောင့် ကွတ်ခိုင်မြို့အထွက် အေးရှားဝေါး တိုးဂိတ်မှ ကွတ်ခိုင်မြို့ တွင်းအထိ ကားများပိတ်မိနေကြောင်း၊ မူဆယ်မြို့ဘက်တွင်လည်း နမ့်ဖတ်ကာမှ ရှုခင်းသာ ကုန်းအထိကား များပိတ်နေကြောင်း - ကားဆရာတဦးကပြောပါသည်။

“ရပ်ထားတဲ့ကားတန်းကလေ နှစ်ထပ်သုံးထပ်၊ နမ့်ဖတ်ကာ အထွက် ရှုခင်းသာ ကုန်းမှာ တောင်က နှစ်နေရာပြို တယ်။  အဲဒီကနေ ဆင်းလာတော့ နမ့်ကွတ်ချောင်းရေကြီးတယ်လေ။ အဲဒီရှု ခင်း သာကုန်းမှာ ၂၂ ဘီးက လမ်းချော်ပြီး ကန့်လန့်ဖြစ်သွားလို့ မှန်လုံတို့၊ ဒိုင်နာတို့ ဟိုင်းလက်တို့ မသွားနိုင် တော့ဘူး၊ ဗင်ကားသေး ဆိုရင်တော့  ဝိုင်းတွန်းကြရင် သွားနိုင်တယ်။ ကျပ် ၅ ထောင်ကုန်တယ်။ ကျနော့်ကားက အဲဒီလိုနဲ့ လားရှိုး ရောက်လာတယ်။ ကားက အစီးရေ နှစ်ထောင် ကျော်လောက်ပိတ်နေတယ် ။ တကယ်လို့ အေးရှားဝေါကသာ ကားတွေထပ်လွှတ်လိုက်လို့ရှိရင်တော့ ညက လမ်းမှာဘဲအိပ်ရမယ့် ပုံဘဲ” - ဟု လားရှိုးဗင်ကားဆရာတဦး က လည်းပြောပါတယ်။

ယခုလဆန်းပိုင်းကလည်း မိုးကြီးမှုကြောင့် နမ့်ပေါ့ချောင်း၊ နမ္မတူမြစ်ရေလျှံသဖြင့် ကုန်တင်၊ ခရီးသည်တင် ကားအသွားအလာ ရပ်ဆိုင်းသွားကြောင်း၊ သိန္နီမြို့အဝင် မြစ်ကူးတံတား၌ ဆိုင်ကယ်ကယ်ရီသမား ရေနစ်သေ ဆုံးသွားခဲ့သေးကြောင်း ကြားသိရပါသည်။