သျှမ်းပြည်မြောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် တရုတ်နယ်စပ် ပြည်ထောင်စု လမ်းမထက်၌ ရေကြီး တောင်ပြို သစ်ပင်ပြိုလဲရာ ကုန်ကား ခရီးသည်ကား အစီးထောင်ချီ ပိတ်မိကြောင်း ကားဆရာ တဦး ကပြောပါသည်။
“မိုးက တော်တော်လေးကို ရွာတယ်။ တနေ့က တညလုံးဘဲ။ မနေ့က မူစယ်ကနေ ဆိုင်ကယ်နဲ့ လာလို့ လားရှိုးကို ရောက်တာ။ ဒါတောင် နမ့်ကွတ်ချောင်းက ခါးအထိရေလျှံလို့ ချောင်းကူးခ ဆိုင်ကယ်ဝိုင်းမပေးဖို့ ကျပ်ငါးထောင် ပေးလိုက်ရတယ်” - ဟု ဆိုင်ကယ်သမားတဦးက ပြောပါသည်။
ဩဂတ်စ် ၁၃ ရက် တညလုံးမိုးရွာသွန်းသောကြောင့် ပြည်ထောင်စုလမ်းမှ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာ အကြား တောင်ပြို၊ သစ်ပင်ပြို၊ ချောင်းရေကြီး သောကြောင့် ကွတ်ခိုင်မြို့အထွက် အေးရှားဝေါး တိုးဂိတ်မှ ကွတ်ခိုင်မြို့ တွင်းအထိ ကားများပိတ်မိနေကြောင်း၊ မူဆယ်မြို့ဘက်တွင်လည်း နမ့်ဖတ်ကာမှ ရှုခင်းသာ ကုန်းအထိကား များပိတ်နေကြောင်း - ကားဆရာတဦးကပြောပါသည်။
“ရပ်ထားတဲ့ကားတန်းကလေ နှစ်ထပ်သုံးထပ်၊ နမ့်ဖတ်ကာ အထွက် ရှုခင်းသာ ကုန်းမှာ တောင်က နှစ်နေရာပြို တယ်။ အဲဒီကနေ ဆင်းလာတော့ နမ့်ကွတ်ချောင်းရေကြီးတယ်လေ။ အဲဒီရှု ခင်း သာကုန်းမှာ ၂၂ ဘီးက လမ်းချော်ပြီး ကန့်လန့်ဖြစ်သွားလို့ မှန်လုံတို့၊ ဒိုင်နာတို့ ဟိုင်းလက်တို့ မသွားနိုင် တော့ဘူး၊ ဗင်ကားသေး ဆိုရင်တော့ ဝိုင်းတွန်းကြရင် သွားနိုင်တယ်။ ကျပ် ၅ ထောင်ကုန်တယ်။ ကျနော့်ကားက အဲဒီလိုနဲ့ လားရှိုး ရောက်လာတယ်။ ကားက အစီးရေ နှစ်ထောင် ကျော်လောက်ပိတ်နေတယ် ။ တကယ်လို့ အေးရှားဝေါကသာ ကားတွေထပ်လွှတ်လိုက်လို့ရှိရင်တော့ ညက လမ်းမှာဘဲအိပ်ရမယ့် ပုံဘဲ” - ဟု လားရှိုးဗင်ကားဆရာတဦး က လည်းပြောပါတယ်။
ယခုလဆန်းပိုင်းကလည်း မိုးကြီးမှုကြောင့် နမ့်ပေါ့ချောင်း၊ နမ္မတူမြစ်ရေလျှံသဖြင့် ကုန်တင်၊ ခရီးသည်တင် ကားအသွားအလာ ရပ်ဆိုင်းသွားကြောင်း၊ သိန္နီမြို့အဝင် မြစ်ကူးတံတား၌ ဆိုင်ကယ်ကယ်ရီသမား ရေနစ်သေ ဆုံးသွားခဲ့သေးကြောင်း ကြားသိရပါသည်။