ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင် အထူးလုပ်ပေး

ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မှတ်ပုံတင် အထူးလုပ်ပေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်မရှိသေးသူများအား  အာဏာပိုင်များစတင်လုပ်ဆောင်ပေးနေကြောင်း သိရပါသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြား

“တနင်္လာနေ့ကတည်းက စလုပ်ပေးတယ်။ အဲဒီနေ့က လူသိပ်မလာဘူး၊ မနေ့က လူ ရ၀ ကျော်  မှတ်ပုံတင် လာလုပ်တယ်” - ဟု သိန္နီမြို့ လဝက ရုံးအနီးနေထိုင်သူတဦးက ပြောပါသည်။

မတ်ခ်ျ ၁၉ ရက်နေ့မှစ၍ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အမျိုးသားမှတ်ပုံတင် (နိုင်ငံသားစိစစ် ရေးကဒ်) မရှိသူများအား ဆိုင်ရာအာဏာပိုင်က စတင်လုပ်ဆောင်ပေးကြောင်း၊ အခကြေးငွေမယူဘဲ လုပ် ဆောင်ပေးနေကြောင်း၊ ယခုရက် (တတိယ ရက်) အတွင်း လူဦးရေ ၁၀၀ ထက်မနည်း သွားရောက်လုပ် ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။

“ပြောတုန်းက တပြားမှမယူဘူး။ အလကားလုပ်ပေးတာတဲ့။ ဒါပေမယ့် စာရွက်စာတမ်းကြေးတော့ တယောက် ကျပ်သုံးထောင် အနည်းဆုံးပေးရတယ်။ လဝက မြို့နယ်ဦးစီးမှူးလဲရုံးထိုင်တယ်ဆိုတော့ ဖေါင်တင် လက်ဗွေ နှိပ် တခါတည်းကဒ်ပြားထုတ် တရက်အတွင်းအကုန်ပြီးတယ်။ အရင်ကဆို လနဲ့ချီပြီးစောင့်ရတယ်” - ဟု သိန္နီသား တဦးက ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် ဒေသခံ လူထုမှတ်ပုံတင် လုပ်ခွင့်ရ ကြောင်း ပြောဆိုဝေဖန်သူများရှိ သကဲ့သို့  ကြံ့ခိုင်ရေးပါတီ မဲရရှိရေးအတွက် အစိုးရက လူထုအား မှတ်ပုံတင်ဖြင့် စည်းရုံးနေခြင်းလည်း ဖြစ်နိုင်ကြောင်း လည်းပြောဆိုနေကြသည်။

ရွေးကောက်ပွဲမဟုတ်သော သာမန်အချိန်များတွင် အမျိုးသားမှတ်ပုံတင် ခေါ်  နိုင်ငံသား စိစစ်ရေးကဒ်ရရှိ ရေးအတွက်  သျှမ်းပြည်သား ကျေးလက်ဒေသခံများက ဆိုင်ရာအာဏာပိုင်များထံ လာဘ်ပေးငွေထိုးမှုများပြု လုပ်ခဲ့ရ၏။ ငွေကြေးမတတ်နိုင်သောကြောင့် ဒေသခံများ နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ခွင့်ရရန် အလွန် ခက်ခဲသည်။