သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း မြို့နယ်အတော်များများတွင် နယ်မြေခံရဲတပသားသစ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်များ ဆင့်ခေါ်ကောက်ခံရန် အာဏာပိုင်များ စာရင်းလိုက်လံကောက်ခံနေကြောင်း နယ်စပ်သတင်းရပ်ကွက်ပြောပါသည်။
“ပြည်သူ့စစ်တို့ မီးသတ်တပ်ဖွဲ့တို့ ၀င်ဖို့ အရင်ကတည်းကစာရင်းလိုက်ကောက်တာရှိတယ်။ အခု ပလိပ် (ရဲ) ပါ လုပ်ခိုင်း တယ်။ ယောက်ျားဆိုရင် ထိုင်းနိုင်ငံသွား အလုပ်လုပ်၊ ပိုက်ဆံရှာဖို့ အရမ်းခက်တယ်”- ဟု တောင်ကြီး - တာချီလိတ် ကားဆရာတဦးက ပြောပါသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းဆောင်မည့်သူ တနေ့တခြား ရှားပါးလာခြင်း၊ တပ်ပြေးများ နေ့စဉ်နှင့် အမျှ ရှိနေခြင်း၊ ရသည့်လစာနှင့် မိသားစုဖူလုံအောင် သုံးစွဲဖို့ခက်ခဲခြင်းတို့ကြောင့် တပ်သားသစ်၊ ရဲသစ်များရှာရခက်ခဲ လာသည်ဟု စစ်တပ်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောပြပါသည်။
“ကျနော်သိရသလောက် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း အားလုံး ဆင့်ခေါ်နေတဲ့ ရဲတပ်သားသစ်ဦးရေ စုစုပေါင်းက ထောင်ဂဏန်း လောက်တောင်ရှိမယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့မှ ဆင့်ခေါ်ကောက်ခံမည့်လူစာရင်းတွင် - လွိုင်လင်မြို့နယ် ၁၃၅ ယောက်၊ နမ့်ဇန်မြို့နယ် ၁၉၉ ယောက်၊ ကွန်ဟိန်း ၁၄၆ ၊ ပင်လုံ ၁၇၁ ၊ မိုးနဲ ၅၀ ၊ လင်းခေး ရ၈ ၊ မိုင်းပန် ၆၉၊ မောက်မယ် ရ၇ ၊ ကျိုင်းတောင်း ၁၅ ၊ ဟိုမိန်း ၆ ၊ မိုင်းနောင် ၂၉ ၊ ကျေးသီး ၁၇၁ ၊ မိုင်းကိုင် ၁၆၆ ၊ လဲချား ၅၅ အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်တို့၌လည်း အားလုံး ရာဂဏန်း ဆင့်ခေါ်နေသည်ဟု ဆို၏။
“ရဲတပ်သစ်ဆိုရင် ဘိန်းစားတောင်မလုပ်ချင်ဘူး၊ ဒါပေမယ့် ရဲ မလုပ်လဲ ပြည်သူ့စစ်၊ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင် စသဖြင့် ၀င်နေရတာဘဲ၊ မဝင်လို့မှမရတာ” - ဟု ကျိုင်းတုံမြို့ခံ တဦးကလည်း ပြောပြ ပါသည်။
သျှမ်းပြည်အလယ်ပိုင်းတွင် အရံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ လူသစ်စုဆောင်းရေးအတွက် မိသားစုဝင် လူဦးရေ သန်းခေါင် စာရင်းများစစ်ဆေးရန် ဒေသခံစစ်တပ်က ထော်လာဂျီ ချောဆွဲပြီး တရွာဝင်တရွာထွက်လိုက်လံစစ်ဆေး သကဲ့သို့ ပစ္စည်းပိုင် ဆိုင်မှုများ လည်းကောက်ယူနေကြောင်း၊ လူငယ်/လတ်/သက်ကြီးအမျိုးသားများခရီးသွားလာရ ခက်ခဲကြောင်း နမ့်ဇန် ဒေသခံ တဦး ကပြောပါသည်။