သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း တို့တွင်ရဲနှင့် ပြည်သူ့စစ်သစ်များဆင့်ခေါ်

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း တို့တွင်ရဲနှင့် ပြည်သူ့စစ်သစ်များဆင့်ခေါ်
သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း မြို့နယ်အတော်များများတွင် နယ်မြေခံရဲတပသားသစ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်များ ဆင့်ခေါ်ကောက်ခံရန်  အာဏာပိုင်များ စာရင်းလိုက်လံကောက်ခံနေ ...

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း မြို့နယ်အတော်များများတွင် နယ်မြေခံရဲတပသားသစ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်သစ်များ ဆင့်ခေါ်ကောက်ခံရန်  အာဏာပိုင်များ စာရင်းလိုက်လံကောက်ခံနေကြောင်း နယ်စပ်သတင်းရပ်ကွက်ပြောပါသည်။

“ပြည်သူ့စစ်တို့ မီးသတ်တပ်ဖွဲ့တို့ ၀င်ဖို့ အရင်ကတည်းကစာရင်းလိုက်ကောက်တာရှိတယ်။ အခု ပလိပ် (ရဲ) ပါ လုပ်ခိုင်း  တယ်။  ယောက်ျားဆိုရင် ထိုင်းနိုင်ငံသွား အလုပ်လုပ်၊ ပိုက်ဆံရှာဖို့ အရမ်းခက်တယ်”- ဟု တောင်ကြီး - တာချီလိတ် ကားဆရာတဦးက ပြောပါသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်း ၀င်ရောက်တာဝန်ထမ်းဆောင်မည့်သူ တနေ့တခြား ရှားပါးလာခြင်း၊ တပ်ပြေးများ နေ့စဉ်နှင့် အမျှ ရှိနေခြင်း၊ ရသည့်လစာနှင့် မိသားစုဖူလုံအောင် သုံးစွဲဖို့ခက်ခဲခြင်းတို့ကြောင့် တပ်သားသစ်၊ ရဲသစ်များရှာရခက်ခဲ လာသည်ဟု စစ်တပ်အရာရှိအသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောပြပါသည်။

“ကျနော်သိရသလောက် သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း အားလုံး ဆင့်ခေါ်နေတဲ့ ရဲတပ်သားသစ်ဦးရေ စုစုပေါင်းက ထောင်ဂဏန်း လောက်တောင်ရှိမယ်” - ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့မှ ဆင့်ခေါ်ကောက်ခံမည့်လူစာရင်းတွင် - လွိုင်လင်မြို့နယ် ၁၃၅ ယောက်၊ နမ့်ဇန်မြို့နယ် ၁၉၉ ယောက်၊ ကွန်ဟိန်း ၁၄၆ ၊ ပင်လုံ ၁၇၁ ၊ မိုးနဲ ၅၀ ၊ လင်းခေး ရ၈ ၊ မိုင်းပန် ၆၉၊ မောက်မယ် ရ၇ ၊ ကျိုင်းတောင်း ၁၅  ၊ ဟိုမိန်း ၆  ၊ မိုင်းနောင် ၂၉ ၊ ကျေးသီး ၁၇၁  ၊ မိုင်းကိုင် ၁၆၆  ၊ လဲချား ၅၅   အပြင် ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပြင်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်တို့၌လည်း အားလုံး ရာဂဏန်း  ဆင့်ခေါ်နေသည်ဟု ဆို၏။

“ရဲတပ်သစ်ဆိုရင်  ဘိန်းစားတောင်မလုပ်ချင်ဘူး၊ ဒါပေမယ့် ရဲ မလုပ်လဲ ပြည်သူ့စစ်၊ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင် စသဖြင့် ၀င်နေရတာဘဲ၊ မဝင်လို့မှမရတာ” - ဟု ကျိုင်းတုံမြို့ခံ တဦးကလည်း ပြောပြ ပါသည်။

သျှမ်းပြည်အလယ်ပိုင်းတွင် အရံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့ လူသစ်စုဆောင်းရေးအတွက် မိသားစုဝင် လူဦးရေ သန်းခေါင် စာရင်းများစစ်ဆေးရန် ဒေသခံစစ်တပ်က ထော်လာဂျီ ချောဆွဲပြီး တရွာဝင်တရွာထွက်လိုက်လံစစ်ဆေး သကဲ့သို့ ပစ္စည်းပိုင် ဆိုင်မှုများ လည်းကောက်ယူနေကြောင်း၊ လူငယ်/လတ်/သက်ကြီးအမျိုးသားများခရီးသွားလာရ ခက်ခဲကြောင်း နမ့်ဇန် ဒေသခံ တဦး ကပြောပါသည်။

Most read this week