ကရင် - ပအိုဝ်း ပူးပေါင်းတပ်လှုပ်ရှားစစ်ကြောင်းက စစ်အစိုးရစစ်ကြောင်းတခုအားအမိအရ ခြံုခိုတိုက်ခိုက်ရာ နအဖတပ်၏ လူသူ လက်နက်အားလုံး သေကြေဆုံးရှုံးကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်းရပ်ကွက်က ဆိုပါသည်။
မေ ၃ ရက် နံနက် ၁၀းဝဝ နာရီကျော်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်မ ၁ နှင့် ကရင် အမျိုး သား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်း စစ်ကြောင်းတကြောင်းသည် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အခြေစိုက် စကခ (၇) လက်အောက်ခံ ခမရ ၄၂၆ (ဘန်းယဉ်) မှ ဗိုလ်ကြီးမျိုးအောင် ဦးဆောင်သည့် အင်အား ၁၂ ယောက်ပါ စစ်ကြောင်း တခုအား (တောင်ကြီးမြို့ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်) ဆီဆိုင်မြို့နယ် ဘန်းယဉ် အရှေ့ဘက် နမ့်ပွန် ချောင်း အနောက်ဘက်ခြမ်း၌ ခြံုခိုတိုက်ခိုက်ရာ နအဖ စစ်ကြောင်းဘက်၏ လူသူ လက်နက်အားလုံး သေကြေဆုံးရှုံး ကြောင်း ဒေသခံ ပအိုဝ်းရွာသားများက ဆိုပါသည်။
“ဘန်းယဉ်အခြေစိုက် ခမရ ၄၂၆ ကလေ၊ သူတို့ ထွက်သွားတုန်းက ၁၀ ယောက် ကျော်ထင်တယ်။ တယောက်မှ ပြန်မလာ ဘူး။ တိုက်ပွဲဖြစ်တဲ့ဘက်က ဒေသခံတွေကတော့ အားလုံးသေတယ်လို့ပြောတာဘဲ” အမည်မဖေါ်လိုသည့် ဒေသခံတဦးက ဆိုသည်။
အဆိုပါတိုက်ပွဲ နှင့်ပတ်သက်၍ PNLA ဦးစီးချုပ်ဗိုလ်မှူးကြီးခွန်သူရိန်ကလည်း သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ပြောပါသည်။
“စစ်အစိုးရက ကရင်ပြည်လူထုကို နှိပ်ကွပ်တဲ့အတိုင်း ကျနော်တို့ သျှမ်းပြည်တောင်ပိုင်း ကျေးလက်ပြည်သူတွေကိုလဲ အတင်း အဓမ္မရပ်ရွာပြောင်းရွေ့ခိုင်းတယ်။ ဒေသခံတွေကို ရန်သူလို ဖြတ်လေးဖြတ်နဲ့နှိပ်စက်တယ်။ တပ်စခန်းဆောက်ဖို့ အမျိုးမျိုး အဓမ္မလုပ်အားခိုင်းတယ်၊ အပြစ်မဲ့ရွာသားတွေကို အနိုင်ကျင့်လွန်းလို့ ကျနော်တို့တပ်ဖွဲ့နဲ့ ကရင်အမျိုးသား လွတ် မြောက် ရေးတပ်မတော်ပူးပေါင်း စစ်ဆင်ရေးလုပ်ရခြင်းဖြစ်တယ်”
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်မ ၁ ကို ဗိုလ်မှူးကြီးခွန်စန်းယု နှင့် ဒုဗိုလ်မှူးကြီး ခွန်ကျော်ထင်တို့ ဦးဆောင်ကြောင်း၊ ကေအဲန်ယူလက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၃ မှ တပ်ရင်း ၉ နှင့် ပူးပေါင်း စစ်ဆင်ခြင်းဖြစ်ကြောင်း၊ ခမရ ၄၂၆ စစ်ကြောင်းမှ အလောင်း ၁၂ လောင်း နှင့်အတူ မော်ထာ 60 mm ၁ လက်၊ စက်သေနတ် ၁ လက်၊ RPG 9 - ၁ လက်၊ MA1,2,3,4 ၈ လက်၊ 9 mm ပစ္စတို ၂ လက်၊ စကားပြောစက် ၂ လုံး သိမ်းဆည်းရကြောင်း ဗိုလ်မှူးကြီးခွန်သူရိန်က အတည်ပြုပြောဆိုပါသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းနိုင် ကိုယ်တိုင် ဘန်းယဉ်သို့သွားပြီး ခမရ ၄၂၆ ၊ ၄၂၅၊ ၄၂၄၊ ၄၂၃၊ ၄၂၇ အင်အား ၅ တပ်ရင်း စေလွတ်၍ ကရင် နှင့် ပအိုဝ်း ပူးပေါင်းတပ်ကို လိုက်လံ ရှာဖွေနေကြောင်း ရွာသားများ ပြောဆိုသကဲ့သို့ ဗိုလ်မှူးကြီး ခွန်သူရိန်ကလည်း အတည်ပြုပါသည်။