ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့မှူးများအတွက် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ရခိုင်ပြည်နယ် ရဲမှူးတို့ ပူးပေါင်း၍ ၅ ရက်တာပို့ချမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းတစ်ခုကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ဂစ္ဆပခန်းမဆောင်တွင် ဖေဖော်ဝါရီလ ၂၃ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ရွေးကောက်ပွဲကျင်းပရာ၌ သက်ဆိုင်ရာအုပ်စုလိုက် မဲရုံများ လုံခြံုရေး၊ မဲပေးသူများ လုံခြံုရေး၊ မဲလက်မှတ် စာရင်းဇယားများနှင့် မဲပုံးများသယ်ယူရာ၌ လုံခြံုမှုရှိအောင် ဆောင်ရွက်ရေး စသည့်တို့ကို သင်ကြားပို့ချသွားမည်ဟု ဆိုသည်။
သင်တန်းပြီးလျှင် ဒေသဆိုင်ရာ ရဲမှူးများနှင့် မြို့နယ်မှူးများက ဆင့်ကဲသင်တန်းများကို ကျေးရွာအုပ်စုလိုက် မဲရုံများတွင် တာဝန်ယူဆောင်ရွက်မည့် မြို့မ၊ နယ်မြေရဲစခန်း၊ နယ်မြေရဲကင်းများမှ တာဝန်ရှိသူ ရဲအရာရှိများသို့ ဆက်လက်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ကြေငြာထားပြီး မဲဆန္ဒရှင်စာရင်းများကို ကောက်ယူနိုင်ရန် ကော်မရှင်အဆင့်ဆင့်က ရပ်ကျေး၊ မြို့နယ် ကော်မရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးအောင်မြက ပြောကြားသည်။
ရွေးကောက်ပွဲအောင်မြင်ရန် ရွေးကောက်ပွဲကော်မရှင်အပြင် ပါတီ၊ လူမှုအဖွဲ့စည်း၊ မီဒီယာများက ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ က ပြောသည်။
“ပါ၀င်ပတ်သက်တဲ့ အဖွဲ့အစည်းများဖြစ်ကြတဲ့ ပါတီ၊ လူမှုအဖွဲ့အစည်း၊ မီဒီယာတွေဟာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ကျွမ်းကျင်မှုရှိအောင် လေ့လာဖတ်ရှုထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကော်မရှင်ရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ ခွဲခြားနိုင်မှာဖြစ်ပြီး၊ အပြုသဘောမျိုး ဝေဖန်တွေးခေါ်နိုင်မှာဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဌက ပြောသည်။