ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြာညိုပြင်ကျေးရွာမှ အသက် (၆) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ် သတ်ဖြတ်မူနှင့် ပတ်သက်ပြီး သံသယ ဖြစ်ခံရသူ (၇) ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
သံသယဖြင့် ဖမ်းဆီးခံသူများမှာ ရခိုင် လူမျိုး (၄) ဦးနှင့် မွတ်ဆလင် (၃) ဦးတို့ ဖြစ်ကြောင်း ကျောက်တော် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြာသည်။
သူက“ သဲလွန်စတွေတော့ ပေါ်လာပါပြီ။ မကြာမီ ဖေါ်ထုတ်နိုင်ပါလိမ့်မယ်။ အခုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူ ရခိုင် (၄) ဦးမှာ အခင်းဖြစ်ပွားရာ ကြာညိုပြင် ကျေးရွာမှ ဖြစ်ကြောင်းနှင့် တခြား မွတ်ဆလင် (၃) ဦးမှာ အနီးအနားရွာက ဖြစ်ကြောင်း ရဲတာဝန်ရှိသူမှ ပြောကြားသည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရသည်မှာ တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက် နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေတွင် ကျောက်တော်မြို့နယ် ကြာညိုပြင် ကျေးရွာတွင် ရွာသားများ အုပ်စုဖွဲ့ပြီး ကိုယ့်အဖွဲ့နှင့်ကိုယ် ထမင်းချက်စားကြကြောင်း၊ ဆောင်းဘောက်နှင့် သီချင်းများ ဖွင့်ပြီး ထမင်း ချက်စားကြသဖြင့် ၁၂ နာရီကျော်လောက်အထိ ရွာထဲတွင် လူသွားလူလာများ ရှိခဲ့ကြောင်း၊ သေဆုံးသူ ဦးရွှေအောင်နှင့် ဒေါ်မိုးမိုးစံတို့ သမီး မိမိငယ် (၆) နှစ်မှာ ည ၁၀ နာရီ ကျော်လောက်အထိ အိမ်တွင် ရှိနေခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း ည ၁၁ နာရီလောက်တွင် ပျောက်သွားခဲ့ကြောင်း၊ ၎င်းကလေးမလေးအား နောက်တစ်နေ့ ၁၉ ရက်နေ့ နံနက် စောစောပိုင်း ညဉ့် ၂ နာရီခန့်တွင် ရွာ အနောက်ဖက် ကိုက် ၁၅၀ အကွာ လယ်ကွင်းတွင် သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု သိရသည်။
မမိမိငယ်၏ အလောင်းအား အပေါက်ဝ တိုက်နယ် ဆေးရုံတွင် ဆေးစစ်ခဲ့ရာ သူမ၏ ဦးခေါင်းတွင် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ မျက်လုံးညိုမဲ ဒဏ်ရာ ၁ ချက်နှင့် မိန်းမ အင်္ဂါစပ်တွင် သွေးယိုစီးနေသည်ကို ဆေးစစ်ချက်မှာ ရေးထားကြောင်း ဆေးရုံ ၀န်ထမ်း တစ်ဦးက ပြောသည်။