အမေရိကန် ရခိုင်ညီလာခံမှ နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှု အဖွဲ့ ဖွဲ့စည်း

အမေရိကန် ရခိုင်ညီလာခံမှ နိုင်ငံလုံးဆိုင်ရာ ရခိုင်လူမှု အဖွဲ့ ဖွဲ့စည်း
by -
နိရဥ္စရာ

အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသား ညီလာခံ Arakan Conference ( USA) မှ ရခိုင်အမျိုးသားရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင် လူမှု အဖွဲ့အစည်း All American Arakan Society (AAAS) ကို ဖွဲ့စည်းလိုက်သည်ဟု  သတင်း ရရှိသည်။

အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ်၊ Nashville မြို့၊ Marriott Hotel ၌ သြဂတ်စ်လ ၃၁ ရက်နေ့မှ စက်တင်္ဘာလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသား ညီလာခံ၌ ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံလုံးဆိုင်ရာ ရခိုင် လူမှု အဖွဲ့အစည်းကို ဖွဲ့စည်းရခြင်းမှာ ရခိုင်ပြည်နယ်နှင့် ရခိုင် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ညီလာခံ ကျင်းပရေး ကော်မီတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးသိန်းမောင်က ပြောသည်။

“ ကျွန်တော်တို့က အမေရိကန်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ၊ အမည်မရှိတဲ့ ရခိုင် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ တသီးပုဂ္ဂလတွေ တက်ရောက်ကြပြီးတော့ ကျွန်တော်တို့တွေ ရခိုင်ပြည်ကို ဘယ်လို ထောက်ပံ့ ကူညီ ပေးကြမလဲ၊  ရခိုင်လူမှု အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ဘယ်လို ကူညီ ထောက်ပံ့ ပေးနိုင်မလဲ၊ ရခိုင်နိုင်ငံရေးပါတီတွေကို ဘယ်လို ထောက်ကူပေးမလဲ။ နောက်ပြီး အိမ်နီးချင်း နိုင်ငံတွေမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဘယ်လို ကူညီမလဲဆိုပြီး ညီလာခံ အတွင်းမှာ ဆွေးနွေးကြပါတယ်။ ဒီလို ကူညီ ထောက်ပံ့မယ်ဆိုရင် ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ခု ရှိဖို့လိုတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းကို အားလုံးရဲ့ ဆန္ဒနဲ့ အညီ ဖွဲ့စည်းရတာ ဖြစ်ပါတယ်။”

(AAAS) အဖွဲ့ကို ၆ လအတွင်း ဖွဲ့စည်းပုံ တစ်ခုကို ခိုင်ခိုင်မာမာ စနစ်တကျရေးဆွဲပြီး ဥက္ကဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်များဖြင့် ဖွဲ့စည်းတည်ထောင်သွားမည်ဟု သူက ဆိုသည်။

ယခုအခါ (AAAS) ကို ခိုင်မာကျစ်လစ်စေရန်အတွက် ဖွဲ့စည်းပုံးရေးဆွဲရေး ကော်မီတီ၊ ဘဏ္ဍာရေး ကော်မီတီ၊ ပြန်ကြားရေး ကော်မီတီနှင့် စည်းရုံးရေးကော်မီတီ လေးရပ်ဖြင့် ဖွဲ့စည်း ထားသည်ဟု သူက ဆက်ပြောသည်။

ရခိုင်အမျိုးသား ညီလာခံကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်၊ ရဟန်း ပျိုများ သမဂ္ဂဥက္ကဌ ဦးခေမာစာရ၊ ဆရာတော် ဦးရာဇိန္ဒနှင့် အမေရိကန်ပြည်ထောင်စုမှ ရခိုင်အမျိုးသားရေး ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

အထူးဧည့်သည်တော် ဒေါက်တာအေးမောင်မှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး အလားအလာများအား အမေရိကန်ရှိ ရခိုင်တိုင်းရင်းသားများအား အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်ဟု ဦင်္းသိန်းမောင်က ပြောသည်။

အမေရိကန် ရခိုင်အမျိုးသားညီလာခံကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါပြည် နယ် (Iowa State)၊ ဒီမွိုင်းမြို့ လင်ကွန်းခန်းမ၌ ကျင်းပခဲ့သော ညီလာခံဖြစ်မြောက်ရေး ကော်မတီမှ ဦးဆောင်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပထမ အကြိမ် အမေရိကန် ရခိုင်အမျိုးသားများ ညီလာခံကို ဖိတ်ကြားထားသည့် အထူး ဧည့်သည်တော်များ၊ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်တော်များ၊ တသီးပုဂ္ဂလ ဧည့်သည်များနှင့် ပညာရှင်များ စုစုပေါင်း ၁၅၀ ခန့်တက်ရောက်ခဲ့ပြီး  ညီလာခံမှာ ၁.၉.၂၀၁၃ (တနင်္ဂနွေနေ့) ညနေ ၅နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Most read this week