မောင်တောမြို့နယ်မှ ကျေးရွာသားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြီ

မောင်တောမြို့နယ်မှ ကျေးရွာသားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြီ
by -
နိရဥ္စရာ

မုန်တိုင်း အန္တရာယ် စိုးရိမ် အဆင့် ရောက်ရှိလာပြီးနောက် မောင်တောမြို့နယ်အတွင်းရှိ ဒေသခံများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေးနေကြောင်း သတင်း ရရှိသည်။

Tropical-Cyclone-Mahasen-5am-May15-2013

မောင်တောမြို့နယ်မြောက်ပိုင်း ခြံပြင်ကျေးရွာမှ ရွာသားများကို နစက နယ်မြေမှူးကိုယ်တိုင် လာရောက်ပြီး ယနေ့နံနက် က  ပြောင်းရွှေ့သွားကြောင်း ရွာသား တစ်ဦးက ယခုလို ပြောသည်။

“ဒီနေ့မနက်က ကျွန်တော်တို့ရွာထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို နစက နယ်မြေမှူး ကိုယ်တိုင် ကြီးကြပ်ပြီး ငခူရကို ပြောင်းရွှေ့ ယူဆောင်သွားပါတယ်။ အဲသလိုဘဲ ကပ်ပကောင်း၊ စံပယ်ပင်ရင်း၊ ပြူးမစတဲ့ ကျေးရွာတွေက လူတွေ အကုန်လုံးကို ပြောင်းရွှေ့သွားပါတယ်” ဟု ဆိုသည်။

ခြံပြင်ရွာမှ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခံရသူမှာ ၁၀၀ ကျော်ရှိပြီး သူတို့အား ငခူရ ကျေးရွာရှိ စာသင်ကျောင်းနှင့် အိမ်ကြီးအိမ်ကောင်းများ တွင် နေရာချပေးထားသည်ဟု ဆိုသည်။

မြေနိမ့်ပိုင်းတွင် တည်ရှိသော မောင်တောမြို့ အောင်ဗလ ရွာမှ ရွာသားများကိုလည်း ယမန်နေ့ ညနေကတည်းက စစ်တပ်ကားကြီးများဖြင့် လေးမိုင် အထက်တန်းကျောင်းနှင့် ဆင်နှစ်ကောင် ဘုန်းတော်ကြီး ကျောင်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။

ပုဏ္ဍားကျွန်းမြို့နယ် ကွမ်းတောင် ကျေးရွာတွင်လည်း သက်ဆိုင်ရာမှ  ရွာသားများကို အစိုးရ မူလတန်း ကျောင်းသို့ ပြောင်းရွှေ့နေကြသည်ဟု သိရသည်။

မုန်တိုင်း ကြိုတင်ကာကွယ်မူများကို ယခင်က ယခုလို ပြုလုပ်ခဲ့ဖူးခြင်း မရှိသဖြင့် ယခု ဆောင်ရွက်နေမူနှင့် ပတ်သက်ပြီး  ဒေသခံများက အထူး အံ့သြနေကြသည်ဟုလည်း ကျေးရွာသားးက ပြောသည်။

ယခု ပြောင်းရွှေ့ခံရသည့် ရွာများမှာ မြေနိမ့်ပိုင်းတွင် တည်ရှိသော ကျေးရွာများ ဖြစ်ကြပြီး မုန်တိုင်းတိုက်လျှင် လေနှင့်အတူ ဒီရေများ တက်လာမည်ကို စိုးရိမ်သဖြင့် ပြောင်းရွှေ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ရာသီဥတု  အခြေအနေမှာ အနည်းငယ် ပြောင်းလဲလာနေပြီး စစ်တွေတွင် မိုးဖွဲးများ ရွာချကာ လေပြင်းများ တိုက်ခတ်နေသည်ဟု ဆိုသည်။ မောင်တောမြို့ပေါ်တွင် မိုးအနည်းငယ် ရွာသွန်းနေပြီး ကျန်ဒေသများတွင် နေသာနေကြောင်း သိရသည်။

မုန်တိုင်း အဓိက ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သတိပေးထားခံရသော ဘင်္ဂလာဒေချ့်နိုင်ငံမှ  ကော့စ်ဘဇားမြို့တွင် ယနေ့နံနက်ပိုင်း ထိ နေသာနေပြီး လူများမှာ ပုံမှန်အတိုင်း သွားလာလူပ်ရှားလျှက် ရှိနေကြောင်း သိရသည်။

Most read this week