CNPC တရုတ်ကုမ္ပဏီမှ စွန့်ပစ် မိလ္လာ ကျေးရွာ လူထုကို ထိခိုက်

CNPC တရုတ်ကုမ္ပဏီမှ စွန့်ပစ် မိလ္လာ ကျေးရွာ လူထုကို ထိခိုက်
by -
နိရဥ္စရာ

China National Petroleum Cooperation (CNPC) ကုမ္ပဏီ အလုပ်သမားများ စွန့်ပစ်သော မိလ္လာများကြောင့် ကျောက်ဖြူမြို့နယ် ဂုံးရှိန် ကျေးရွာကို အထူး ထိခိုက်နေသဖြင့် ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ပြီး ကန့်ကွက်သွားမည်ဟု သိရသည်။

China National Petroleum Cooperation - CNPO

တရုတ်ကုမ္ပဏီ CNPC မှ အလုပ်သမား ၁၅၀ ကျော်သည် ဂုံးရှိန် ကျေးရွာ ရွာအဝတွင် အဆောက် အဦးများ ဆောက်လုပ်ကာ နေထိုင်နေကြသည်ဟု ဆိုသည်။ အဆိုပါ အလုပ်သမားများ စွန့်ပစ်သည့် မိလ္လာများကို ပိုက်လုံးများမှ တဆင့် ကျေးရွာသားများ အသုံးပြုသော ချောင်းထဲသို့ စွန့်ပစ်သည်ဟု ဆိုသည်။

“အခု ရွာသားတွေ နေ့စဉ် အသုံးပြုနေတဲ့ ချောင်းထဲကို အိမ်သာတွေက မိလ္လာတွေကို ပိုက်လုံးတွေသွယ်တန်း ပြီး စွန့်ပစ်တော့ အဲဒီချောင်းရေကို ရွာသားတွေ သုံးလို့ မရတော့ဘူး။ ကျွဲနွားတွေပါ အပါအဝင် အိမ်မွေး တိရစ္ဆာန်တွေလည်း ရေကို သုံးမရတော့ဘူး ဖြစ်သွားတယ်။ ချောင်းထဲက ငါးတွေကိုလည်း ရွာသားတွေက မစားကြတော့ဘူး။ အနံ့အသက်ကလည်း ရွာဝကို ရောက် တာနဲ့ တအားနံတယ်။ အခု ရွာသားတွေက တော်တော့ကို ဒုက္ခ ဖြစ်နေကြတယ်” ဟု ဦးသန္တာမောင်က ဆက်ပြောသည်။

သို့အတွက် ရွာသားများ အနေဖြင့် ခရိုင် ဥက္ကဌ အပါအဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးဘရှိန်တို့အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်အား ဆက်လက် မေးမြန်းရာ သူက ယခုလို ပြောပြသည်။

“ကျွန်တော်က ရန်ကုန်ကနေ ဇန္နဝါရီ တစ်ရက်နေ့မှာ ကျောက်ဖြူကို ရောက်တယ်။ ဂုံးရှိန်က ရွာသားတွေ လာခေါ်တဲ့ အတွက် ကျွန်တော်အဲဒီရွာကို ၂ ရက်နေ့က သွားကြည့်ပါတယ်။ အဲဒီမှာ ဘာဖြစ် နေသလဲဆိုတော့ ရွာဝမှာ တရုတ်ကုမ္ပဏီက အဆောက်အဦး တစ်ဆယ်ခန့်ကို တွေ့ပါတယ်။ အဲဒီ အဆောက်အဦးတွေမှာ နေထိုင်တဲ့ လူတွေရဲ့ မိလ္လာကို ပိုက်လုံးတွေနဲ့ ချောင်းအနီးက နေရာ တစ်ခုကို စုပုံစွန့်ပစ်တယ်။ အဲဒီက ပြည့်လျှံလာတဲ့ မိလ္လာက ရွာသားတွေ အသုံးပြုနေတဲ့ ချောင်းထဲကို စီးဆင်းတော့ ချောင်းကို ရွာသားတွေ အသုံးပြုလို့ မရ ဖြစ်သွားတယ်။ ကျွန်တော်တို့ကိုယ်တိုင် ရွာဝကို ရောက်တာနဲ့ အနံ့အသက် တော်တော် ဆိုးဆိုးဝါးဝါး နံတာကိုတွေ့ခဲ့ရတယ်” ဟု ဆိုသည်။

သို့အတွက် ဇန္နဝါရီလ ၃ ရက်နေ့က ကျောက်ဖြူ ခရိုင် ဥက္ကဌထံသို့ သွားပြီး အဆိုပါ ကိစ္စကို တင်ပြခဲ့သည်ဟု ဦးဘရှိန်က ဆက်ပြောသည်။

“ခရိုင် ဥက္ကဌ ပြောတာကတော့ သူ ဒီကိစ္စကို ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ အခုအချိန်ထိမဆောင်ရွက် သေး ဘူးဆိုရင် ဖုံးဆက်ပြီး မေးကြည့်ပါမယ်” ဟု ပြောသည်။

ကျောက်ဖြူ ခရိုင်ရုံးသို့ ဆက်လက် မေးမြန်းရာ ဖုံးအဆက်အသွယ် ရရှိခြင်း မရှိပါ။

ဇန္နဝါရီလ ၁၀ ရက်နေ့ကို နောက်ဆုံးထားပြီး စောင့်ကြည့်မည် ဖြစ်ပြီး အာဏာပိုင်များ ဘက်မှ တစ်စုံတစ်ရာ မဆောင်ရွက်ပေးပါက ရွာသားများ အနေဖြင့် လူထု ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုသွားမည်ဟု ဒေသခံများက ပြောသည်။

Most read this week