မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး

မွတ်ဆလင် ၂၄ ဦးကို ပြည်ခိုင်ဖြိုး လက်မှတ်ဖြင့် ကျောက်ဖြူ ထောင်မှ လွှတ်ပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူထောင်မှ မွတ်ဆလင် လူမျိုး  အကျဉ်းသား ၂၄ ဦးကို ကြံခိုင်ပါတီ အသင်းဝင် ကဒ်ပြားများဖြင့်် မနေ့က ထောင်ထဲမှ လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။

Kyuk-Pru
သူတို့ကို ယခုအခါ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ် ဗလီတွင် ထားရှိကြောင်း ဒေသခံများက ပြောသည်။

“ သူတို့ကို မနေ့က နံနက် ၈ နာရီခွဲမှာ လွှတ်ပေးလိုက်ပါတယ်။  ရဲတွေက သူတို့ကို အခု ကုလားပိုက်ဆိပ်က ဗလီမှာထားပါတယ်။ သူတို့ကို သွားရောက်စုံစမ်းတဲ့ အခါ သူတို့မှာ ပြည်ခိုင်ဖြိုးက ထုတ်ပေးထားတဲ့ အဖြူရောင် အဖွဲ့ဝင် ကဒ်ပြားတွေ ကိုင်ဆောင်ထားတာကို တွေ့ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခု ထောင်ထဲမှ လွှတ်လာသူ မွတ်ဆလင် ၂၄ ဦးမှာ မြန်မာနိုင်ငံသားလား၊ ဘင်္ဂလာဒေချ့်နိုင်ငံသားလား ဆိုသည်ကို မသိရကြောင်း၊ အများစုမှာ ဗမာနှင့် ရခိုင်စကားကို ကောင်းမွန်စွာ မပြောတတ်ကြောင်း သူက ဆက်ပြောသည်။

“ သူတို့က မြန်မာနိုင်ငံသားလား ဘင်္ဂလာဒေချ့်ကလား ဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။ သူတို့ကို လွန်ခဲ့တဲ့ ၆ လခန့်က မလေးကို သွားစဉ်မှာ  စက်လှေပျက်ပြီး မာန်အောင်ကျွန်းမှာ ဖမ်းမိတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် မာန်အောင် မြို့နယ်  တရားရုံးက သူတို့ကို လဝက အမူနဲ့ ထောင် (၆) လ ချတယ်ဆိုတယ်။ ဒီလ စောစောပိုင်း ကတည်းက လွှတ်ရက်စေ့ပေမယ့် ရခိုင်မှာ ဆူပူမူ ဖြစ်နေတာကြောင့် မလွှတ်ဘဲ အခုမှ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ မရှိသဖြင့် အဆိုပါ ကိစ္စကို မပြောနိုင်ကြောင်း ပြောကြားသည်။

ကျောက်ဖြူ နယ်ထိန်းတပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောရာတွင် သူတို့အား စစ်တွေသို့ သင်္ဘောကြံုဖြင့် နောက်တစ်ရက်နှစ်ရက်အတွင်း ပို့ပေးမည်ဟု ဆိုသည်။

Most read this week