စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ

စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်် မင်းပြားမြို့နယ် ပုလဲ (ဗလိ) ပေါက် ကျေးရွာမှ စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများကို စစ်တပ်က ဖမ်းဆီးနိုင်ဖွယ် အခြေအနေ ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။

Farming Myanmarကျောက်တော် အခြေစိုက် စကခ (၉) မှ စပါးကောက်ရန် လာစဉ် ရွာသားများက စပါး မပေးလို၍ ရှောင်တိမ်း နေကြသဖြင့် စစ်တပ်သို့ စပါးမပေးလျှင် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားကြောင်း ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

" ဇန္နဝါရီလ ၃၁ ရက်နေ့က ကျောက်တော် အခြေစိုက် စကခ (၉)မှ ဗိုလ်မှူးနေဝင်းနှင့် ဒုတပ်ကြပ် အာဂျွန်းတို့ စပါးကောက်ဖို့ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ ရွာသားတွေက အကုန်လုံး ရှောင်နေကြပါတယ်။ သူတို့( စစ်တပ်) က ဘုန်းကြီးကျောင်းကို ရောက်လာပြီး ဆရာတော်ကို ရွာသားတွေ စပါး မပေးရင် အရေးယူမယ်ဆိုပြီး ပြောသွားတယ်လို့သိရပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပုလဲပေါက်ကျေးရွာသည် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ် အစပ်တွင် တည်ရှိပြီး အဆိုပါကျေးရွာမှ လယ်ဧက ၃၀၀ ကျော်ကို ကျောက်တော် အခြေစိုက် စကခ (၉) မှ သိမ်းယူပြီး ကျေးရွာသားများကို တဧက ၂၅ တောင််းနူန်းဖြင့် သီးစား ပြန်ချထားကြောင်း ကျေးရွာသားများက ပြောသည်။

" စစ်သားတွေက ဘုန်းတော်ကြီးကိုတောင် ရန်ရှာသွားတယ်လို့ သိရပ့ါတယ်။ ဆရာတော်က ဒီနှစ်ရွာမှာ ဘုန်းကြီး ကျောင်းလည်း ဆောက်နေတော့ တနှစ်လောက် တကာတို့ သည်းခံကြပါ။ ရွာသားတွေမှာ စပါးလည်း ဒီနှစ် သိပ်မရဘူးဆိုတော့ နောက်နှစ်မှ လာကောက်ပါလို့ ပြောတာကို သူတို့ တပ်မကနေ အစိုးရကို စပါးတင်း (၂) သောင်းသွင်းရမယ်။ ဒီစပါးတွေကို ဘုန်းကြီးက ပေးမှာလားလို့တောင် မေးသွားပါသေးတယ်" ဟု သူက ဆက်ပြောသည်။

ပုလဲပေါက်ကျေးရွာသားများနှင့် အနေဖြင့် နှစ်စဉ် စစ်တပ်သို့ စပါးတောင်း (၉၀၀၀) ပေးသွင်းနေကြရသဖြင့် ဆင်းရဲသော ရွာသားများအတွက် ၀န်ထုတ် ၀န်ပိုး ဖြစ်နေ၍ စစ်တပ်မှ စပါးကောက်ခံမူကို သက်ညှာပေးပါရန် နိုင်ငံတော် သမ္မတကြီးဆီကို ရွာသားများက စာရေး အသနားခံထားကြောင်းလည်း သိရသည်။

" ပုလဲပေါက် အုပ်စုကနေ စုစုုပေါင်း စပါးတောင်း ၁၅၀၀၀ ပေးရမယ်။ ပုလဲပေါက် အုပ်စုမှာက ပုလဲပေါက်နဲ့ တုတ်ကံလယ် ရွာ နှစ်ရွာဘဲ ရှိတယ်။ ပုလဲပေါက်က စပါး တောင်း ၉၀၀၀ နဲ့ တုတ်ကံလယ်က ၆၀၀၀ သွင်းရပါမယ်။ ကျွန်တော်တို့မှာ နစ်နာမူတွေ ရှိနေတဲ့ အတွက် ဒီကိစ္စကို သက်ညှာပေးဖို့ ရွာသားတွေက နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာရေးပြီး အသနားခံထားပါတယ်" ဟု ရွာသားက ဆက်ပြောသည်။

စပါးလာကောက်စဉ် ရွာသားများက ရှောင်ပုန်းနေသဖြင့် စစ်တပ်က တပ်ရင်းသို့ ပြန်သွားပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် လာရောက်မည် ဖြစ်ကြောင်း၊ စပါး မပေးပါက တစ််ရွာလုံးကို အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း၊ ရွာသားများ အနေဖြင့် သူတို့ လုံခြံုရေးကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

Most read this week