နယ်စပ်မျဉ်းကြောင်းအနီး လမ်းဖေါက်သဖြင့် အလံတင် ဆွေးနွေးပွဲတွင် မြန်မာကို ဘင်္ဂလာဒေချ့်ကန့်ကွက်

နယ်စပ်မျဉ်းကြောင်းအနီး လမ်းဖေါက်သဖြင့် အလံတင် ဆွေးနွေးပွဲတွင် မြန်မာကို ဘင်္ဂလာဒေချ့်ကန့်ကွက်
by -
နိရဥ္စရာ သတင်းဌာန

နှစ်နိုင်ငံ နယ်စပ် မျဉ်းကြောင်း အနီး မြန်မာဘက်က လမ်းဖေါက်လုပ်နေသဖြင့် ဘင်္ဂလာဒေချ့် နယ်စပ် အာဏာပိုင်များက မြန်မာကို တရားဝင် ကန့်ကွက် လိုက်ကြောင်း သတင်း ရရှိသည်။

BDG-NASAKA-flag-meeting
အဆိုပါ ကန့်ကွက်မူကို ယမန်နေ့ ( အောက်တိုဘာလ ၁၀ ရက်) နေ့က ဘင်္ဂလာဒေချ့်နိုင်ငံဘက်ခြမ်း ခေါင်တုံုးမြို့ မူလတန်ကျောင်းတွင် ပြုလုပ်သော နှစ်ဘက်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲ၌ ဘင်္ဂလာဒေချ့်ဘက်က ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလမ်းကို မြန်မာဘက်က ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီ မြို့နယ် တောင်ပြိုဒေသ ခေါင်းတုံးမြို့ နယ် နယ်စပ်တွင် ဖေါက်လုပ်နေခြင်း ဖြစ်ပြီး နယ်စပ် မျဉ်းကြောင်း ဇီရိုလိုင်းမှ ကိုက်အနည်းငယ် အကွာတွင် ဖြစ်ကြောင်း ဘင်္ဂလာဒေချ့်ဘက်က ပြောကြားသည်။

" မြန်မာဘက်က ဒီလမ်းဖေါက်လုပ်နေတာကို ရပ်တန့်ပေးမယ်လို့ အစည်းအဝေးမှာ ပြောသွားပါတယ်။ ပီးရင် တောင်ပြိုဒေသမှာ နယ်စပ်မျဉ်းနဲ့ ကပ်ပြီး တည်ဆောက်နေတဲ့ ခြံစည်းရိုးကာရံနေတာကိုလည်း ပယ်ဖျက် သွားမယ်လို့ ကတိ ပေးသွားပါတယ်" ဟု ဘင်္ဂလာဒေချ့် တာဝန်ရှိသူ တစ်ဦးက ဒေသသတင်း ထောက်များသို့ ပြောကြားသည်။

ဒေသတွင်းမှ ထွက်ပေါ်လာသော သတင်းများအရ မြန်မာဘက်က နယ်စပ် မျဉ်းကြောင်း အနီးတွင်လမ်းဖေါက် လုပ်သဖြင့် နှစ်နိုင်ငံ အကြား အခြေအနေ တင်းမာလာခဲ့သဖြင့် ယခု နယ်စပ် တပ်မှူး အဆင့် အစည်းကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

" အစည်းအဝေးမှာ မြန်မာဘက်က နယ်စပ်မျဉ်းမှာ လမ်းဖေါက်လုပ်နေတယ်လို့ ကျနော်တို့ စွပ်စွဲတာကို ငြင်းဆိုတယ်။ ဘင်္ဂလာဒေချ့်ဘက်က ကန့်ကွက်တဲ့ အချိန်က စပြီး လမ်းဖေါက်လုပ်နေတာကို ရပ်တန့် ထားတယ်လို့ သူတို့က ပြောပါတယ်" ဟု အဆိုပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာဘက်မှ နယ်စပ် ဇီရိုးမျဉ်းကြောင်း အနီး လမ်းဖေါက်လုပ်နေသဖြင့် ဘင်္ဂလာဒေချ့်ဘက်က အောက်တိုဘာလ ၄ ရက်နေ့က စာရေးကန့်ကွက်ခဲ့ပြီး အဆိုပါ ကိစ္စ အတွက် နှစ်နိုင်ငံ တပ်မှူး အဆင့် အစည်းအဝေး ပြုလုပ်လိုကြောင်း တောင်းဆိုခဲ့သည်။

ထိုသို့ တောင်းဆိုခဲ့မူကြောင့် ယခု တပ်မှူး အဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံတကာ သဘောတူညီချက် အရ နယ်စပ် ဇီရိုး မျဉ်းကြောင်းမှ ကိုက် ၁၅၀ အကွာအဝေးတွင်သာခြံစည်း ရိုးကာရံခြင်းများ၊ လမ်းဖေါက်လုပ်ခြင်းများကို ပြုလုပ်ရကြောင်းနှင့် ယခု မြန်မာဘက်မှခြံစည်းရိုးကာ ရံရာတွင် ဇီရိုးမျဉ်းမှ ပေ ၄၀ အတွင်း ပေ ၁၅၀ အရှည်ကာရံထားပြီး တခြားနေရာ တစ်ခုတွင်လည်း ဇီရိုမျဉ်းမှ ပေ ၁၄၀ အတွင်း အရှည်ပေ ၁၄၀ ခြံစည်းရိုးကို ကာရံထားသည်ကို နှစ်နိုင်ငံ တိုင်းတာစဉ် တွေ့ရှိခဲ့သည်ဟုဘင်္ဂလာဒေ ချ့် နယ်ခြားစောင့်တပ်ဖွဲ့့ က ပြောသည်။

တပ်မှူး အဆင့် အစည်းအဝေးတွင် မြန်မာဘက်က ယခု ဖေါက်လုပ်နေသော လမ်းမှာ ကာရံနေသော ခြံစည်းရိုးအတွက် ပစ္စည်းများ သယ်ယူရန် ယာယီ ဖေါက်လုပ်နေသော လမ်းဖြစ်သဖြင့်် ခွင့်ပြုပေးရန် တောင်းဆိုခဲ့သော်လည်း ဘင်္ဂလာဒေချ့်ဘက်မှ အဆိုပါ တောင်းဆိုမူကို ကန့်ကွက်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် ဘင်္ဂလာဒေချ့်တွင် နှစ်ရှည်လများ ထောင်ကျခံနေရသော မြန်မာနိုင်ငံသား ၆၀ ဦးကို လက်ခံရန် ပြောကြားရာ မြန်မာဘက်က ၁၉ ဦးသာ လက်ခံရန် သဘောတူခဲ့သည်ဟု သိရသည်။ အစည်း အဝေးတွင် မြန်မာနိုင်ငံမှ နေ့စဉ် လိုလို တရားမဝင် ဘင်္ဂလာဒေချ့်သို့ ၀င်ရောက်နေသောယာဘားဆေးပြား ကိစ္စများကိုလည်း ဆွေးနွေးခဲ့ရာ မြန်မာဘက်က တားမြစ်ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော တပ်မှူး အဆင့် အစည်းအဝေးသို့ ကော့စ်ဘားဇားမြို့ အခြေစိုက် အမှတ် (၁၇) ဘင်္ဂလာဒေချ့် နယ်ခြားစောင့် လုံခြံုရေး တပ်ဖွဲ့ (BGB) တပ်မှူး ဗိုလ်မှူးကြီး Md Khalequzzaman ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာဘက်မှ နစက နယ်မြေ (၃) မှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့သည်။

Most read this week