မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ

မွတ်ဆလင်မလေး နှစ်ဦးတိုင်တဲ့ အမူ ရဲက လက်မခံ
by -
နိရဥ္စရာ သတင်းဌာန

သံတွဲမြို့မှ မွတ်ဆလင် အမျိုးသမီးငယ် နှစ်ဦးက ဥပဒေ ချိုးဖေါက်မူကြောင်း လဝက အရာရှိတစ်ဦး အပေါ် တိုင်ကြားသော အမူကို သံတွဲ ရဲစခန်းက လက်မခံဘဲ ငြင်းဆိုလိုက်ကြောင်း သတင်းရရှိ သည်။

အမည်မဖေါ်လိုသူ သံတွဲမြို့ခံ မွတ်ဆလင် အမျိုးသား တစ်ဦးက သံတွဲရဲ စခန်းမှ အမူကို လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်းကို ယခုလို ပြောသည်။

" ဒီလ ၁၇ ရက်နေ့က အဲဒီ အမျိုးသမီးငယ် နှစ်ဦးဟာ သံတွဲကနေ ရန်ကုန်ကို မြန်မာ လေကြောင်းနဲ့ သွားဖို့ လေဆိပ် ဆင်းပါတယ်။ လေဆိပ်ကို ရောက်အပြီး အကုန်လုံး စီစစ်ပြီး Boarding Pass တွေ ဖြတ််ပြီး လေယာဉ်ပေါ်ကို တက်မယ့် အချိန်မှာ လဝက အရာရှိ တစ််ဦး ရောက်လာပြီး မှတ်ပုံတင်မှာ ဘင်္ဂလီ နာမည် ပါတယ် ဆိုပြီး သွားလို့ မရဘူးလို့တားတာကြောင်း ခရီးစဉ်ကို ဖျက်သိမ်း လိုက်ရ တယ်။ ဒါဟာ နိုင်ငံသား တစ်ဦးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို တားမြစ်တာ ဖြစ်တဲ့ အတွက် ရဲစခန်းကို သွားရောက်ပြီး လဝက အရာရှိကို အရေးယူပေးဖို့ အမူဖွင့် တိုင်ကြား ပါတယ်။ ဒါပေမယ့် ဒီအမူကို ရဲက လက်မခံနိုင်ဘူးလို့ ပြောပါတယ်။"

ရဲက အမူကို လက်မခံခြင်းမှာ မည်သည့် အတွက်ကြောင်း ဖြစ်သည်ကို သူက ယခုလို ဆက်ပြော သည်။

" အဲသလို အမူဖွင့်ပေးဖို့ တောင်းဆိုတဲ့ အခါ ရဲက ဘယ်လို ပုဒ်မနဲ့ အမူဖွင့်ရမယ်ဆိုတာ မသိဘူးလို့ပြောပါ တယ်။ အဲဒါဆိုရင် မတရားတားဆီး ပိတ်ပင်မူ ၃၃၉ (၃၄၁) နဲ့ အမူဖွင့်ပါလို့ အဲဒီ ကောင်မလေး နှစ်ဦးက ပြောပါတယ်။ အဲသလို ပြောတဲ့ အခါ ရဲအရာရှိက ဘာပြန်ပြောသလဲဆိုရင် ၀န်ထမ်းအချင်းချင်းမို့ တရားစွဲတာ လက်မခံနိုင််ဘူး။ ခင်ဗျားတို့ ပြဿနာ ကျွန်တော်တို့ ဌာနနဲ့ မဆိုင်ဘူး။ လဝကနဲ့ သွားညှိပါဆိုပြီး ပြောလွှတ်လိုက်ပါတယ်" ဟု သူက ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး ကိုင်ဆောင်ထားသော ကဒ်မှာ နိုင်ငံသား စီစစ်ရေး ကဒ် အစစ်အမှန် ဖြစ်သော်လည်း လူမျိုးနေရာတွင် ဘင်္ဂလီ ဟုရေးသားထားသဖြင့် ဘင်္ဂလီပါနေ၍ ခရီးသွားလာခွင့်ကို လဝက အရာရှိမှတားမြစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ်သာသာဝင်များထဲမှ ကမန် အစ္စလာမ်များကို ခရီးသွားလာခွင့် ပြုသော်လည်း အစိုးရက ဘင်္ဂလီ အစ္စလာမ် လူမျိုးများ အဖြစ် သတ်မှတ်ထားသူ အစ္စလာမ်များခရီးသွား လာခြင်းကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး သြဂတ်စ်လ ၁ ရက်နေ့ကလည်း သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ ဘင်္ဂလီ လူမျိုးများ ခရီးသွားလာခြင်းနှင့် ပတ်သက်ပြီး စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ခဲ့သော စာအား ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားလုံးသို့ ပေးပို့ခဲ့ပြီး မိတ္တူကို ခရိုင် လဝက၊ မြို့နယ် လဝက အပါအဝင် ပြည်နယ် အုပ်ချုပ်ရေးမှူ၊ ခရိုင် အုပ်ချုပ်ရေးမှူးများကိုလည်း ပေးပိုခဲ့သည်ဟု သိရသည်။

စာပါ အကြောင်းအရာနှင့် ပတ်သက်ပြီး သံတွဲမှ ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

" စာက သြဂတ် ၁ ရက်နေ့ ထုတ်ပါတယ်။ ဒေသန္တရ အမိန့်အမှတ် (၁) မျဉ်းစောင်း ၂၀၁၁ ဆိုပြီး စာထဲမှာ ပါလာပါတယ်။ စာထဲမှာ အဓိက ပါလာတဲ့ အကြောင်းအရာက သံတွဲမြို့နယ် အတွင်း မှီတင်းနေထိုင်သော ဘင်္ဂလီ များသည် တိုင်းကျော် ပြည်နယ် ခရီးသွားလိုပါက ပုံစံ(၄) နဲ့သာ သွားလာရမယ်။ အကယ်၍ ပုံစံ (၄) မယူဘဲ သွားလာပါက ဥပဒေအရ အရေးယူခံရမယ်လို့ ပါရှိပါတယ်။"

ယခုကဲ့သို့ စာထုတ်ပြီးနောက် သံတွဲတွင် နေထိုင်သော ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား ကဒ်ကိုင်ဆောင် ထားသူများမှာ ရခိုင်ပြည်နယ်ကို ကျော်ပြီး တခြား ပြည်နယ်နှင့် တိုင်းများသို့ သွားလာရန် ပိုမို၍အခက် အခဲတွေ့နေကြရသည်ဟု သိရသည်။

Most read this week