သမ္မတဦးသိန်းစိန်မှ လောကမဥ္စူ ရှေ့ဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ

သမ္မတဦးသိန်းစိန်မှ လောကမဥ္စူ ရှေ့ဟောင်းဘုရားကို မြောက်ဦးတွင် ကိုးကွယ်ခွင့်ပြုလိုက်ပြီ
by -
မောင်အေး

မြောက်ဦးမြို့တွင် ရောက်ရှိနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်မှ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးမှ တူးဖေါ်ရရှိသော လောကမဥ္စူရွှေဆင်း ထု ဘုရားအပါအဝင် တခြား ရှေးဟောင်း ဘုရား များကို မြောက်ဦးမြို့တွင် ဆက်လက်ထားရှိ ကိုးကွယ်ရန် ယနေ့ခွင့်ပြုလိုက်ကြောင်း သတင်း ရရှိသည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် မြောက်ဦးဟိုတယ်တွင် ဒေသခံ မြိုု့မိ မြို့ဖ များနှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုသို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ခံ လူကြီး တဦးက ပြောသည်။

Lawkamazu-golden-Buddha
“ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီလောကမဥ္စူဘုရားကို စလို့တွေ့ပြီးနောက် သက်ဆိုင်ရာက မြောက်ဦး ပြတိုက်မှာထားမယ် ဆိုပြီး ရှေ့ဟောင်းသုတေသန ဌာနကတောင်းနေပါတယ်။ ကျွန်တော်တို့ မြို့သူမြို့ သားတွေနဲ့ ဂေါပကတွေက ပြည်နယ် ၀န်ကြီးချုပ်ထံကို စာရေးပြီး ရတနာ့ မာန်အောင် ကျောင်းမှာဘဲထားဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ ဒီနေ့ နိုင်ငံတော် သမ္မတကြီး ရောက်လာတဲ့အခါရတနာမာန်အောင်ကျောင်း မှာဘဲ ဗိမာန်ဆောက်ပြီး အများ ပြည်သူဆန္ဒအရ ပူဇော်ပါ ဆိုပြီး ခွင့်ပြုလိုက် ပါတယ်။”

ယခုကဲ့သို့ သမ္မတက ခွင့်ပြုချက် ပေးလိုက်သဖြင့် ယခုအခါ မြောက်ဦးမြို့သူ မြို့သားများ အထူးဝမ်းသာ နေကြကြောင်းလည်း သိရသည်။

အဆိုပါ ဆင်းထုတော်အား ရတနာမာန်အောင် ဆရာတော်ကြီး ကမ္မဌာန စရိယ ဘဒ္ဒန္တ ၀ါယာမိန္ဒနှင့်တကွ မြို့သူမြို့သားများပူးပေါင်းပြီး ဆက်လက်ထိမ်းသိမ်းသွားမည့် အစီစဉ်ကိုလည်း သူကဆက်ပြောသည်။

“ဆရာတော် ဘုရားကြီးက ငွေကျပ် သိန်းတရာ မတည်ထားပါတယ်။ ကျွန်တော်တို့ တခြား အလှူငွေတွေ လည်း သိန်း ၄၀ နီးပါး ရထားပါတယ်။ နောက်ထည့်ဝင်ပေးဖို့ အလှူရှင်တွေလည်း ရှိတယ်။ ရတနာမာန်အောင် ကျောင်းထဲမှာဘဲ ဘုရားကိန်းဝပ်ဖို့ ဗိမာန်တခုကို တင့်တင့်တယ်တယ် ဆောက်ပြီး ကျွန်တော်တို့ ဂေါပကအဖွဲ့ သာမက မြို့မိမြို့ဖတွေပါ အားလုံးပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ စနစ်တကျ ထိမ်းသိမ်းသွားဖို့ စီစဉ်ထားပါ တယ်။”

မြောက်ဦးမြို့ခံဘုန်းတော်ကြီးတပါးကလည်း အဆိုပါဘုရားကို မြောက်ဦးမြို့တွင် ထားရှိမည့် အစီစဉ်မှာ သင့်တော် ကောင်းမွန်သော အစီအစဉ် ဖြစ်ကြောင်းပြောသည်။

“မြောက်ဦးမှာ အဆောင်တခုဆောက်ပြီး ထားမယ့် အစီအစဉ် သင့်တော် ကောင်းမွန်ပါတယ်။ အယင် စကြာမုနိ ဘုရားကို ရရှိတုန်းကလည်း သီးခြား အဆောင်တခ ုဆောက်ပြီး စစ်တွေမှာ အပူဇော်ခံ ကိုးကွယ် ထားသလို အခုလည်း လောကမဥ္စူဘုရားကို သီးခြားအဆောင်တခု ဆောက်ပြီး မြောက်ဦးမှာ ကိုးကွယ် ထားတာဟာ အာလုံးအတွက် ကောင်းပါတယ်။”

အဆိုပါဘုရားရရှိပြီးနောက် ဇွန်လ ၄ ရက်နေ့တကြိမ် ဇူလိုင် လ ၁၇ ရက်နေ့ကတကြိမ် နှစ်ကြိမ်တိုင်တိုင် အာဏာပိုင်များမှ နေပြည်တော်သို့ယူဆောင်ရန် ကြိုးစားသော်ခဲ့သော်လည်း မြောက်ဦးမြို့ခံများကကန့်ကွက် ခဲ့သည့်အတွက် ယခုကဲ့သို့ သမ္မတသိန်းစိန်က သူ၏ မြောက်ဦး ခရီးစဉ်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါဘုရားကို မြောက်ဦးမြို့ လောကမဥ္စူ စေတီတော်ပြန်လည်ပြုပြင်ရန် မေလ ၃၀ ရက်နေ့က ရှင်းလင်းစဉ် တူးဖော် ရရှိခဲ့ခြင်းဖြစ်ပြီး အများက ရွှေဟု ယူဆထားပြီး အလေးချိန် ၄ ပိဿာ ၆၄ ကျပ်သားရှိပြီး အေဒီ ၈ ရာစုခန့်ကသွန်းလုပ်ခဲ့သည့် စျာနမုဒြာအမျိုးစားဖြစ်သည်။

အဆိုပါဘုရားနှင့်အတူ လောကမဥ္စူစေတီတော်မှ တခြားဗုဒ္ဓရုပ်ပွားတော်အပါအဝင် ဌာပနာ ၃၇ ခုကို ရရှိခဲ့ သည်။

Most read this week