ညီမျှမူ ကွာဟနေမူကြောင့် ရခိုင်ပြည်သူများ ပိုမို ဒုက္ခရောက်နေ

ညီမျှမူ ကွာဟနေမူကြောင့် ရခိုင်ပြည်သူများ ပိုမို ဒုက္ခရောက်နေ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ်မှ လျှပ်စစ်မီး ရရှိသော မြို့များတွင် ပုံမှန် စျေးနုန်းထက် မီတာခများ အလွန်အကျွန် စျေးကြီးနေသဖြင့် ပြည်သူ အများစုမှာ လျှပ်စစ်မီး မသုံးစွဲရဲလောက်အောင် ဖြစ်နေကြောင်း သတင်း ရရှိသည်။

ထိုသို့ မီတာခများ စျေးနုန်းကြီးမြင့်နေချိန်တွင် မြေပုံမြို့တွင် ယူနစ်များကို အပိုကောက်ခံနေကြောင်း ဒေသခံ ပြည်သူ တစ်ဦးက ပြောသည်။

“ မီတာခက မြေပုံမှာ တယူနစ်ကို ၅၀၀ ကျပ် ကောက်ပါတယ်။ လစဉ် မယူမနေရ (၅) ယူနစ် ယူရပါတယ်။ အဲဒီအထဲက တစ်ခါ တလကို ၂ ယူနစ် အလိုလို ပေးနေရပါတယ်။ တလ ၂ ယူနစ်ဖိုး ပေးရတာက ဆီဖိုး မလောက်လို့ ဆိုပြီး သူတို့က အကြောင်း ပြတောင်းယူတာ ဖြစ်ပါတယ်” ဟု ပြောသည်။

မြေပုံမြို့တွင် လျှပ်စစ်မီးကို အာဏာပိုင်များနှင့် မြို့ခံမျာ ဖွဲ့စည်းထားသော မီးလင်းရေး ကော်မီတီမှမီးပေးဝေ နေခြင်း ဖြစ်ပြီး တစ်နေ့ သုံးနာရီသာ ရရှိသည်ဟု သူက ပြောသည်။

“ မီးက ညနေ ရ နာရီကနေပြီး ၁၀ နာရီထိ ပေးပါတယ်။ တစ်နေ့ သုံးနာရီ မီးရဖို့ အတွက် တစ်လ တစ်လကို ကျပ် တစ်သောင်းကနေ နှစ်သောင်းခွဲထိ ကုန်ကျနေတယ်။ အခုလူတွေက မီးတွေကို မသုံးစွဲရဲတဲ့ အထိ ဖြစ်လာတယ်။ အာဏာပိုင်တွေနဲ့ ချမ်းသာတဲ့ သူတွေက ခုလို လုပ်နေပေမယ့် သာမန် မြို့သူ မြို့သားတွေက ဘာမှ မပြောရဲဘဲ အံကြိတ်ခံနေကြရပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီတာခများကို အလွန်အကျွန်ကောက်ခံ သဖြင့် ဒုက္ခရောက်နေကြသည်မှာ မြေပုံမြို့ တစ်ခုတွင် မဟုတ်ဘဲ ရခိုင်မှ တခြားမြို့များ အားလုံးတွင် ဖြစ်သည်။

ဗမာပြည်မဘက်မှ ဒေသများတွင် လျှပ်စစ်မီး တယူနစ် ၂၈ ကျပ်ပေးရသော်လည်း ရခိုင်ပြည်နယ်တွင် ဗမာပြည်ထက် အဆပေါင်း ၂၀ ခန့် ပိုမို ပေးဆောင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ပေးဆောင်နေရမူ အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမာင်က သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်အမြင်ကို ပြောရရင် ဒါတွေကို နိုင်ငံတော် အစိုးရက ကျခံသင့်တယ်လို့ မြင်ပါတယ်။ ဥပမာ ပြောရင် မီးရထား ၀န်ကြီးဌာနတို့ ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့ အနေနဲ့ ပြည်သူတွေ အတွက် အရှံုးခံပြီး လုပ်ပေးနေတာပါဘဲ။ မြန်မာလေကြောင်း ကော်ပိုရေးရှင်းဆိုရင်လည်း ဒီအတိုင်းပါဘဲ။ ပုဂ္ဂလိက လေကြောင်းလိုင်းတွေက စစ်တွေနဲ့ ရန်ကုန် ကျပ် ၈၀၀၀၀ ယူတယ်။ မြန်မာ လေကြောင်းလိုင်းက ကျပ် ၅၀၀၀၀ ဘဲ ယူတယ်။ နိုင်ငံတော်က ခုလို ၀င်ပြီး ကျခံသင့်တယ်လို့ မြင်ပါတယ်။”

ဗမာပြည်မဘက်ခြမ်းတွင် လျှပ်စစ်မီးကို ခေတ်မှီ နည်းပညာများကို အသုံးပြုပြီး ရေအားလျှပ်စစ်နှင့် ဓါတ်ငွေ့မှ ထုတ်ယူ ပေးဝေနေသော်လည်း ရခိုင်ပြည်နယ်တွင် ဒီဇယ်သုံး စက်အို စက်ဟောင်းများကို ယခုအချိန်ထိ အသုံးပြုကာ မီးပေးဝေနေခြင်း ဖြစ်သည်။

“ အခု ရခိုင်ပြည်နယ်မှာ သုံးနေတဲ့ စက်အို စက်ဟောင်းတွေက ဒီဇယ် အရမ်းစားတယ်။ ပီးရင် ကြံ့ခိုင်မူလည်း အရမ်းအားနည်းတယ်။ ဒီလို ဖြစ်နေတာကို အမှတ် (၂) လျှပ်စစ် ၀န်ကြီးဌာန အနေနဲ့ အမြန်ဆုံး စီစစ်ဖို့ လိုတယ်။ ခုလို ဒီဇယ်ခကို အကြောင်းပြပြီး မီတာခကို ၄၀၀ - ၅၀၀ ယူနေတာဟာ ပြည်သူတွေဆီက အတင်း ဓါးပြတိုက်တာနဲ့ တူနေတဲ့ အတွက် အမြန်ဆုံး ဒီပြဿနာကို ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီပြဿနာ အပေါ်မှာလည်း ကျွန်တော်တို့ ပါတီ အနေနဲ့ ရတဲ့ နေရာမှာ အခွင့်အရေးရရင် ရသလို တင်ပြသွားမှာ ဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်မှာရော၊ ပြည်နယ် လွှတ်တော်မှာရော တင်ပြသွားမယ့် အစီအစဉ်တွေ ရှိပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စတင်ပြီး ပြည်တွင်းစစ်မီး အနည်းဆုံး တောက်လောင်ရာ ပြည်နယ် တစ်ခုဖြစ်သော်လည်း အုပ်ချုပ်သူ အာဏာပိုင်များ၏ မျက်ကွယ်ပြုမူကြောင့် ဖွံ့ဖြိုးမူ အနည်းဆုံး ပြည်နယ် တစ်ခု ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ထုတ်လုပ်နိုင်သော ရေတံခွန်များ၊ မြစ်ချောင်းများ ပေါများသော်လည်း မည်သည့် အစိုးရမှ အဆိုပါ စီမံကိန်းများကို အကောင်အထည် ဖေါ် ဆောင်ရွက် တည်ဆောက်ခြင်း မရှိခဲ့သဖြင့် လျှပ်စစ်မီးရရှိရေးကို ဒီဇယ်သုံးစက်များဖြင့် အသုံးပြုနေရခြင်း ဖြစ်သည်။

၎င်းပြင် ယခုအခါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သော သဘာဝ ဓါတ်ငွေ့များ ရခိုင်ပြည်နယ်တွင် အလျှံအပယ် ထွက်ရှိနေသော်လည်း ရခိိုင်ပြည်သူများအတွက် တစုံတရာ အသုံးပြုခြင်း မရှိဘဲ ဗမာ အုပ်ချုပ်သူများက တရုတ်ပြည်သို့ ရောင်းစားထားကြောင်း သိရသည်။