ရခိုင် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းလှေများ ကြီးစိုးထားသဖြင့် ဒေသ ငါးလုပ်ငန်းကို ထိခိုက်

ရခိုင် ပင်လယ်ပြင်တွင် တရုတ် ငါးဖမ်းလှေများ ကြီးစိုးထားသဖြင့် ဒေသ ငါးလုပ်ငန်းကို ထိခိုက်
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် သံတွဲမြို့ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းလှေများ ကြီးစိုးနေသဖြင့် ဒေသခံ ငါးဖမ်းသမားများ အတွက် အထူး အခက်ခဲများ ရောက်ရှိနေကြရကြောင်း သတင်းရရှိသည်။ ...

ရခိုင်ပြည်နယ် သံတွဲမြို့ပင်လယ်ပြင်တွင် တရုတ်ငါးဖမ်းလှေများ ကြီးစိုးနေသဖြင့် ဒေသခံ ငါးဖမ်းသမားများ အတွက် အထူး အခက်ခဲများ ရောက်ရှိနေကြရကြောင်း သတင်းရရှိသည်။

Fishery-sector-in-Thandwe-Arakanငါးဖမ်း စက်လှေပိုင်ရှင် တစ်ဦးက “တရက်တရက်မှာ ငါးရှာနေတဲ့ တရုတ်ငါးဖမ်းလှေက ထောင်ဂဏန်း ကျော်မယ် ထင်ရပါတယ်။ သံတွဲဆိပ် ကမ်း၊ ငပလီဆိပ်ကမ်းတွေမှာ အယင်ကဆို ရခိုင်က ငါးဖမ်းလှေ တွေပဲ ရှိပါတယ်။ ခုတော့ နေရာတကာမှာ တရုတ် ငါးဖမ်းလှေတွေနဲ့ ပြည့်နှက်နေပါတယ်။ ခုဆိုလို့ရှိရင် ရခိုင် ငါးဖမ်းသမား တွေဟာ သစ်ပင်မှာ ညောင်ကြက် သလို တဖြည်းဖြည်း ၀ါးမျိုခံရပြီး ပျောက်လာတယ်။ တရုတ်ကအစိုးရနဲ့ တိုက်ရိုက် ပေါင်းပြီး ငွေအား၊ စက်အား၊ လူအားနဲ့ လုပ်နေတော့ သူတို့ကို ပြိုင်ပြီး ဘယ်သူ ငါးမဖမ်းနိုင်သလို သူတို့ဘဲ နေရာတကာ လက်ဝါးကြီး အုပ်ထားပါတယ်။ ဘယ်သူ တယောက်မှ မပြောလို့ မရဘူး” ဟု ပြောသည်။

၎င်းပြင်သူက “ရခိုင် ငါးဖမ်းလှေတွေကျတော့ အကန့်အသတ်တွေ အများကြီးပဲ။ ဟိုဘက် မသွားရ။ ဒီဘက် မသွားရနဲ့ သက်ဆိုင်ရာက တားမြစ်ပါတယ်။ တရုတ်ငါးဖမ်းလှေတွေကျတော့ သွားချင်တဲ့ ရေပြင်ကို သွားတယ်။ ဖမ်းချင်နေရာက ဖမ်းတယ်။ တကယ်ကို တရုတ်တိုင်းပြည် ကျနေတာပါဘဲ” ဟု ဆက်ပြောသည်။

ယခု ရခိုင်ပင်လယ်ပြင်တွင် တရုတ် သင်္ဘောများ လိုက်ဖမ်းနေသည်မှာ ငါးမန်းများ ဖြစ်ပြီး ၎င်းအပြင် ငသလောက်၊ ငတောက်တူ၊ ငကုန်းညိုနှင့် တခြားငါးများဖြစ်ကြောင်း သိရသည်။ တခြား တဖက်တွင်လည်း တရုတ်စီးပွားရေး သမားများက ငါးအဝယ်ဒိုင်များ ဖွင့်လှစ်ကာ ရခိုင်က ထွက်သမျှငါးများကို ၀ယ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ နေကြောင်းသိရသည်။

“ငနီဒူ တပိဿာကိုကျပ် ၁၅၀၀၊ ငဆူခြောက်တပိဿာကို ၁၆၀၀ ရှိရာကနေ ငနီဒ ူတပိဿကို ၂၀၀၀ ထိပေးဝယ်ပြီး ငဆူခြောက်တပိဿကို ၃၀၀၀ ထိတင်ပြီး ၀ယ်နေတော့ ဒေသခံလူတွေကစျေးကြီး တော့ဝယ်မစားနိုင်ကြဘူးပေါ့နော်။ ကိုယ့်ချောင်းကိုယ့်ဒေသကထွက်တဲ့ငါးကိုကိုယ်တို့မစားနိုင် ကြဘူးဖြစ်နေပါပြီ“ ဟု ၄င်းက ဆက်ပြောသည်။

ယခု တရုတ် ငါးဖမ်း ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်နေသည့် မြန်မာ့ ငါးဖမ်းကုမ္ပဏီမှာ ပြည်ဖြိုးထွန်း ကုမ္ပဏီဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှာ စစ်အစိုးရနှင့် နီးစပ်သူများ ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

တခြား လူငယ် ဒေသခံ အလုပ်သမား တစ်ဦးကလည်း “ ခုသံတွဲသားတွေက အလုပ်အကိုင် မရှိကြတော့ တရုတ် ငါးဖမ်းလှေတွေမှာ အငှားလိုက်ကြပါတယ်။ သူတို့ ဆီကို သွားပြီးတော့ မိန်းမ ယောက်ျား တွေက ငါးခြောက် နေလှမ်းတာတို့၊ ထင်းခြွေ ရေခပ်ပေးရတာတို့ အစစအရာရာပေါ့ဗျာ အခိုင်းခံ ဘဝနဲ့ သွားလုပ်ကြရပါတယ်။ ရခိုင်တွေက ဆင်းရဲကြတော့ သူတို့ဆီမှာရရာ အလုပ်ကို လုပ်နေရတာ ပေါ့နော်“ ဟု ပြောသည်။

တရုတ်စီးပွားရှင်များ လွမ်းမိုးလာသဖြင့် သံတွဲမြို့မှ ရခိုင်အမျိုးသမီးများမှာ တရုတ် အမျိုးသားများ ထံတွင် အိမ်ဖေါ် အဖြစ် တချို့တဝက် လုပ်ကိုင် လာကြရသူများလည်း ရှိကြောင်း အဆိုပါ လူငယ်က ပြောသည်။

တရုတ်များ ရခိုင်ပင်လယ်ပြင်တွင် ကြီးစိုးလာသည်မှာ လွန်ခဲ့သောနှစ် ၂၀၁၀ အောက်တိုဘာလ ကတည်း ဖြစ်ပြီး ယခုအခါ ရခိုင် ကမ်းခြေ တခုလုံးတွင် ခေတ်မှီ စက်ကရိယာများ တပ်ဆင်ထားသော ငါးဖမ်း သင်္ဘောများကို အသုံးပြုပြီး ဒေသအတွင်းက အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းကာ နေ့ည အချိန် မရှိ ငါးများကို ဖမ်းယူနေကြောင်း သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးနေသဖြင့် နောက်များမကြာမီ နှစ်တို အတွင်း ရခိုင်ပင်လယ်ပြင်တွင် ငါးများ ရှားပါး လာနိုင်ဖွယ်ရှိကြောင်း ဒေသလူကြီးများက ပြောသည်။

Most read this week