လွှတ်တော်အမတ်များ အစည်းအဝေး မတက်ရောက်နိုင်သဖြင့် ခွင့်ယူသည့်ဦးရေ များပြားလာခြင်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီ ၁၆ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးအစတွင် အမတ်တို့ကို လွှတ်တော်သက်တမ်း လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သတိပေးပြောကြားလိုက်သည်။
''၁၂ ကြိမ်မြောက် ပြည်သူ ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးဟာ ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားများအတွက် အင်မတန်မှ အရေးကြီးတဲ့ အစည်းအဝေးများ ဖြစ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိ မလွှဲမရှောင်သာတဲ့ ကိုယ်ရေးကိုယ်တာကိစ္စများ ကျန်းမာရေးကိစ္စများ ရှိကောင်း ရှိနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ပါတီတာဝန်များလည်း ရှိကောင်း ရှိနိုင်ပါတယ်။ သို့ရာတွင် မိမိတို့သည် ပြည်သူ့ကိုယ်စား ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘယ်ဟာကို အလေးထားဆောင်ရွက်ရမယ်ဆိုတာ သုံးသပ်ဆောင်ရွက်ဖို့ အချိန်ကျရောက်လာပါပြီ'' ဟု ဖေဖော်ဝါရီ ၁၆ရက်က ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီက အစည်းအဝေး မတက်ရောက်နိုင်သည့် အမတ်များ၏ ခွင့်ပန်ကြားခြင်းကို လွှတ်တော်သို့ တင်ပြအပြီးတွင် နာယကက ပြောခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိ အမတ်ဦးရေ ၄၂ဝ ရှိသည့်အနက် ယခင်က ခွင့်ပန်ကြား၍ ခွင့်ပြုထားသူ ၁၄ဦး၊ ဖေဖော်ဝါရီ ၁၆ရက်တွင် ခွင့်တိုင်ကြားသူ ၈၉ဦး၊ စုစုပေါင်း ၁ဝ၃ဦးရှိရာ ခွင့်တိုင်ကြားသူဦးရေမှာ လွှတ်တော်အမတ်အားလုံး၏ ၂၅ရာခိုင်နှုန်းခန့်ရှိသဖြင့် နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် ဥပဒေများပြဋ္ဌာန်းရာတွင် သို့မဟုတ် အဆိုများ တင်ပြဆွေးနွေးရာတွင် မှန်ကန်သောဘက်၌ ရပ်တည်နိုင်အောင် (ဆန္ဒမဲပေးနိုင်ရန်) အင်အားနည်းသွားနိုင်သောကြောင့် ယခုကဲ့သို့ ပြောကြားရခြင်း ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောသည်။
''ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် လွှတ်တော်အစည်း အဝေးတက်ရောက်မှသာ မိမိတို့ ရည်မှန်းချက်ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ လွှတ်တော်ကဖွဲ့စည်းပေးထား တဲ့ ကော်မတီ၊ ကော်မရှင်ဝင် ကိုယ်စားလှယ်များဟာ မိမိရဲ့ တစ်ဦးချင်း ကိစ္စများထက် ကော်မတီကိစ္စများကို အလေးထားဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်'' ဟု လည်း ၎င်းက သတိပေးပြောကြားခဲ့သည်။
ထိုသို့ပြောကြားခြင်းကို ဖေဖော်ဝါရီ ၁၆ရက် အစည်းအဝေး တက်ရောက်သူများကသာ ကြားသိနိုင်သည် ဖြစ်သောကြောင့် မတက်ရောက်သူများ သိရှိစေရန် သက်ဆိုင်ရာပါတီနှင့် တာဝန်ရှိသူများက လိုအပ်သလို ပြောဆိုဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
ယခုကျင်းပနေသည့် လွှတ်တော်သုံးရပ်၏ ၁၂ကြိမ်မြောက် အစည်းအဝေးများတွင် ပြည်ထောင်စု ဘဏ္ဍာ ငွေရသုံးဆိုင်ရာ ဥပဒေကြမ်း၊ မျိုးစောင့်ဥပဒေများ၊ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် အခြားအရေးကြီး ဥပဒေများစွာတို့ကို ဆန္ဒမဲများဖြင့် ဆုံးဖြတ်အတည်ပြုရမည် ဖြစ်သောကြောင့်လည်းကောင်း၊ လက်ရှိ အစိုးရသက်တမ်း၊ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း အရေးအပါဆုံးသော အစည်းအဝေးကာလ ဖြစ်သောကြောင့် လည်းကောင်း ခွင့်ယူသည့်အမတ်ဦးရေ တတ်နိုင်သမျှ အနည်းဆုံးဖြစ်စေရန် သက်ဆိုင်ရာပါတီများက ကြိုးပမ်းသင့်သည်ဟု အမတ်အများစုက ပြောဆိုလျက်ရှိကြသည်။