အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် လှုပ်ရှားမှု ရက် ၆၀ အလွန် လှုပ်ရှားမှုအဖြစ် ကျောင်းသား သမဂ္ဂအဖွဲ့များ၏ သပိတ်မှောက် စစ်ကြောင်းမှာ မန္တလေး ကျောက်ဆည်မြို့သို့ ရောက်ရှိနေပြီး သုံးရက်အတွင်း ပခုက္ကူလမ်းတွင် ထားဝယ်မှ တက်လာသည့် သပိတ်မှောက် ကျောင်းသားများနှင့် မုံရွာမှ လာမည့် ကျောင်းသား အဖွဲ့များ သုံးဖွဲ့ပေါင်းစည်းကာ ရန်ကုန်သို့ ချီတက်မည်ဟု အမျိုးသား ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုရဲဇာနည်ထွန်းက မဇ္စျိမကို ပြောသည်။
"ကျွန်တော်တို့ လုံခြံုရေးကို ရပ်မိရပ်ဖတွေကပဲ တာဝန်ယူထားပါတယ်။ ညဘက်ကိုတော့ ဘုန်ကြီးကျောင်းမှာ တည်ဖို့ ရပ်မိရပ်ဖတွေ စီစဉ်ပေးတယ်၊ မနက်ဖြန်ကို မြစ်သားဘက်ကို ချီတက်မယ်" ဟု ၎င်းက ပြောသည်။
မုံရွာမြို့၊ ထားဝယ်မြို့များမှ သပိတ်မှောက် ကျောင်းသားများသည် ဇန်နဝါရီ ၂၁ ရက်က စတင် ကားဖြင့် ထွက်လာပြီဖြစ်ပြီး ပခုက္ကူမြို့တွင် ၂၃ ရက်၌ ပေါင်းစည်းကာ ရန်ကုန်သို့ ခြေလျင်ချီတက်မည်ဟု ဆိုသည်။
မန္တလေးမှ ချီတက်လာသည့် အဖွဲ့သည် ၂၁ ရက်က ကျောက်ဆည်တက္ကသိုလ် (တောမ) ရှေ့တွင် အမျိုးသား ပညာရေး ဥပဒေအား သပိတ်မှောက်ရခြင်း နှင့် ပတ်သက်၍ ဟောပြောပွဲ လုပ်ခဲ့သေးသည်။ ယင်းဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ် ဘောလုံးအသင်းနှင့် ရူပဗေဒ ကထိကဆရာ ဦးဇော်မျိုးလှိုင်တို့ က ဒီမိုကရေစီ ပညာရေး သပိတ်မှောက်ကျောင်းသားများကို ကျပ်တစ်သိန်းခွဲ လှူဒါန်းခဲ့သည်။
သပိတ်မှောက်ကျောင်းသားများသည် ဇန်နဝါရီ ၂၂ ရက်တွင် မြစ်သားမြို့သို့ ဆက်လက် ချီတက်မည်ဖြစ်သည်။ ၎င်းတို့က မန္တလေး - ကျောက်ဆည် - မြင်းခြံ - ပခုက္ကူ - မကွေး - ပြည် မြို့ကြီး ငါးခုကို ချီတက်၍ ရန်ကုန်မြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်လှုပ်ရှားမှုကို ထိုင်သပိတ် ဆင်နွဲသွားမည် ဖြစ်သည်။
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြ ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ တွင် နိုဝင်ဘာ ၁၄ ရက်က စတင်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှု လေးရက်မြောက်နေ့တွင် အစိုးရနှင့်တာဝန်ရှိသူများအား သပိတ်မှောက် ကျောင်းသားများနှင့် ရက်ပေါင်း ၆၀ အတွင်း လာရောက်စေ့စပ် ညှိနှိုင်းရန် တောင်းဆိုခဲ့သည်။
သို့သော် ရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာမှ လာရောက်ညှိနှိုင်းမှု မရှိသည့်အတွက် ရက်ပေါင်း ၆၀ အလွန် လှုပ်ရှားမှုကို ဇန်နဝါရီ ၂၀ ရက်က မန္တလေးမြို့မှ စတင်လိုက်ခြင်း ဖြစ်သည်။
အဆိုပါချီတက် စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (မြေလတ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်း ကော်မတီနှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ချုပ်တို့မှ အမာခံအင်းအား ၁၀၀ ဖြင့် စတင်ချီတက်ခဲ့ခြင်း ဖြစ်သည်။