သံလွင်မြစ် ရွာသစ်ရေကာတာ စီမံကိန်း တည်ဆောက်ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိ

သံလွင်မြစ် ရွာသစ်ရေကာတာ စီမံကိန်း တည်ဆောက်ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိ
by -
မဇ္စျိမ

ကယားပြည်နယ် သံလွင်မြစ်ရှိ ရွာသစ် ရေကာတာအား တရုတ်ကုမ္ပဏီမှ တည်ဆောက်နေခြင်းမှာ ပွင့်လင်းမြင်သာမှု မရှိပဲ သတ္တုတမျိုးမျိုး  တူးဖော် ထုတ်လုပ်နေကြောင်း ကရင်နီ အမျိူးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) မှ ပြည်သူ့ဆက်ဆံရေးရုံးမှ ဗိုလ်ကြီး ဖုန်းနိုင်က ပြောဆိုလိုက်သည်။

၎င်းက “ကျွန်တော်တို့ မြေဆီလွှာတွေကို ကားကြီးတွေနဲ့ သယ်သွားတာတွေ တွေ့တယ်။” ဟု ပြောသည်။

အဆိုပါရွာသစ်ရေကာတာသို့ ကေအန်ပီပီ အနေဖြင့် သွားရောက်လေ့လာရန် အစိုးရအား ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း အစိုးရဘက်မှ ခွင့်မပြု ခဲ့ကြောင်း ဗိုလ်ကြီးဖုန်းနိုင်က ရှင်းပြခဲ့သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူ လက်မှတ်ထိုးထားသည့် အချက်ခြောက်ချက်တွင် ကယားပြည်နယ်ရှိ ရွာသစ် စီမံကိန်း အပါအဝင် စီမံကိန်းကြီးများကို ပြည်သူနှင့် လူမှု အဖွဲ့အစည်းများအား လေ့လာခွင့်ပြုရန် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန် သဘောတူခဲ့သည်ဟု ကေအန်ပီပီ ဘက်မှ သိရှိရသည်။

ထိုသို့ သဘောတူထားသော်လည်း အစိုးရမှ လူမှု အဖွဲ့အစည်းများနှင့် လူထုမှ ထိုရေကာတာသို့ သွားရောက်လေ့လာခြင်းအား ပိတ်ပင်မှုများ ယနေ့အချိန်အထိ ရှိကြောင်း ဒေသခံများက ပြောသည်။

“ကျွန်မတို့ ဒေသခံတွေကို စစ်တပ်က ပေးမဝင်ဘူး။ ရေကာတာဆောက်လုပ်တဲ့ ဒေသတခုလုံး အစိုးရက စစ်တပ် အင်အားနဲ့ ပိတ်ဆို့ထားတယ်” ဟုကယန်းအမျိူးသမီးများ ကွန်ယက်မှ အထွေထွေ အတွင်းရေးမှူး မအယ်ဗလင်းက ဆိုသည်။

၎င်းရေကာတာ စီမံကိန်းအား တရုတ် ဒါးတန်းကုမ္ပဏီ (Datang Corporation) နှင့် ဦးပိုင်လီမိတက်တို့မှ မြန်မာအစိုးရ အကူအညီဖြင့် လုပ်ကိုင်နေသည်ပြီး ရေကာတာ ဆောက်လုပ်ရန် မြေတိုင်းတာမှုများကို လှိူ့ဝှက်စွာ ပြုလုပ်နေသည် ဟု လေ့လာသူများက ပြောသည်။

“သံလွင်မြစ် အောက်ပိုင်းမှာ ရွှေထွက်တဲ့ နေရာတွေက အများကြီးဘဲ။ အဲဒီရေကာတာ တည်ဆောက်တဲ့ နေရာက အဓိက ရွှေကြောဖြစ်တယ်လို့ ကျွန်မတို့ အဘိုးတွေ လက်ထက်ကတည်းက ကြားဖူးတယ်” ဟု ဖားဆောင်းမြို့နယ်မှဒေသခံ အမျိူးသမီးတဦးက ဆိုသည်။

သံလွင်မြစ်ကြောအတွင်း ရွှေတူးဖော်သည့် လုပ်ငန်းများ အများအပြားရှိပြီး ရွာသစ် ရေကာတာ အနီးရှိ မော်ချီးရွာတွင် ဦးပိုင်လီမိတက်မှ နေ၍ မြေဆီလွှာအားသန့်စင်ရာ ခဲမဖြူ ဓါတ်၆၀ရာခိုင်နှုန်း ပါ၀င်သော ဓါတ်သတ္တုများအား ထုတ်လုပ်လျှက်ရှိကြောင်း ကယားပြည်နယ်ဒေသခံ သတင်းထောက်ဟောင်း တဦးက ပြောသည်။

၎င်းက“မော်ချီးမှာ ခဲမဖြူတွေထွက်တယ်။ ဒါကြောင့်အနီးမှာရှိတဲ့ ရွာသစ်ရေကာတာက မြေတွေကို သယ်သွားတာလည်းဖြစ်နိုင်တယ်။” ဟု ဆိုသည်။

သံလွင်ချစ်သူများအဖွဲ့မှ ဒေသခံတဦးက “ရေကာတာ တည်ဆောက်ရင် ကျွန်မတို့ ဒေသက ရွာတွေ အများကြီးရေမြှပ်နိုင်တယ်။ လောပိတကြောင့်လဲ ကျွန်မတို့ ကရင်နီပြည်နယ်မှာ ခါးသီးလှတဲ့ ခံစားမှုတွေ ခံစားခဲ့ပြီးပါပြီ။ ဒီရေကာတာ သာဆောက်ပြီးရင် ရေကာတာ အထက်ပိုင်းက စိုက်ပျိုးမြေတွေ လူနေအိမ်တွေ အများကြီး ရေလွှမ်းမိုး သွားနိုင်ပါတယ်” ဟု သူ့အမြင်ကို ပြောပြခဲ့သည်။

 ကယားပြည်နယ် အတွင်းရှိ သံလွင်မြစ်ပေါ်တွင် ၂၀၁၀ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ တခုဖြစ်သည့် ဒါးတန်းကော်ပိုရေးရှင်းတို့ နားလည်မှု စာချုပ်အရ မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သည့် ဆည်တခု၊ သံလွင်မြစ်လက်တက်ဖြစ်သော ပွန်ချောင်းနှင့် သဘက်ချောင်းတို့တွင်  မဂ္ဂါ၀ပ် ၁၃၀နှင့် ၁၁၀ ပါရှိသော ဆည်အပါအဝင် စုစုပေါင်း ဆည် ၃ ခု တည်ဆောက်ရန် ပါဝင်ကြောင်း သံလွင်ချစ်သူများ အဖွဲ့မှ သိရှိရသည်။

သို့ရာတွင်် အဆိုပါ ရွာသစ်ရေကာတာ စီမံကိန်းမှ လျှပ်စစ်ဓါတ်အား  မဂ္ဂါဝပ်၆၀၀ ထုတ်လုပ်ခဲ့သည်ဟု အစိုးရ ဘက်မှ ထုတ်ပြန်သော်လည်း တရုတ်ဘက်မှ မဂ္ဂါဝပ်၄၀၀၀ ထုတ်လုပ်သွားရန် ပြုလုပ်နေကြောင်း သံလွင်ချစ်သူများအဖွဲ့က ၎င်းတို့တွေ့ရှိချက်ကို ရှင်းပြခဲ့သည်။

သံလွင်ချစ်သူအဖွဲ့မှ ဒေသခံတဦးက “ကျွန်မတို့ ရေကာတာ စီမံကိန်းအပေါ် အရမ်းစိုးရိမ်နေပါတယ်။ ရေကာတာ စီမံကိန်းဒေသမှာ စစ်တပ်ထပ်တိုးချဲ့မှာကိုလဲ ထိတ်လန့်နေပါတယ်။ အဲဒီ ရေကာတာ တွေရှိတာ တောင်ကျွန်မတို့ဒေသမှာ မီးမရသေးပါဘူး” ဟု ပြောသည်။