ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC တို့ ယခုလ တတိယအပတ်တွင် တွေ့ဆုံနိုင်မည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်တွင် နှစ်ဖက်တွေ့ဆုံရန် ရည်ရွယ်ခဲ့သော်လည်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ကို မြန်မာအစိုးရ စစ်တပ် ထိုးစစ်ဆင်မှု ပြင်းထန်လာသဖြင့် UNFC အနေဖြင့် တွေ့ဆုံမှု ရပ်ဆိုင်းခဲ့ရာမှ ယခုလ ၁၆ ရက်နေ့ နောက်ပိုင်း ပြန်လည် တွေ့ဆုံရန် ညှိနှိုင်းနေခြင်း ဖြစ်သည်။
“၁၆ ရက်နေ့ နောက်ပိုင်းလို့ ပြောတာပါ။ ဒီဘက်ကလည်း ရက်က ညှိနှိုင်းနေဆဲပါ။ သူတို့ မူဝါဒက နိုင်ငံရေး
ဆွေးနွေးမှုအတွက် ပြင်ဆင်တဲ့ ဆွေးနွေးမှုက အပြင်မှာ ဆောင်ရွက်လို့ ရတယ်ဆိုတဲ့ သဘောပါဘဲ၊ ပြင်ဆင်တဲ့ဆွေးနွေးပွဲပါ” ဟု ဦးလှမောင်ရွှေက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့က ဦးအောင်မင်းနှင့် UNFC တို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ် မူလက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့သော်လည်း ယင်းတွေ့ဆုံမှုမှာ KIO အပေါ် ထိုးစစ်ဆင်မှု ရပ်ဆိုင်းရေးကိုသာ ဦးစားပေး ဆွေးနွေးမည်ဟု UNFC ၏ ပြောခွင့်ရသူ နိုင်ဟံသာက မဇ္စျိမကို ပြောဆိုခဲ့ဘူးသည်။
ယခုလ ၄ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံစဉ် စစ်ရေးအရှိန်လျော့ရန်၊ UNFC နှင့် KIO တို့တွေ့ဆုံဆွေးနွေးပြီးနောက် အစိုးရနှင့် KIO တို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့ကြသည်။