ကျူးကျော်နေထိုင်မှုများအား တရားဥပဒေအရ အရေးယူပါက အရေးယူခံမည်ဟု လှိုင်သာယာ ၅ ထိပ် ရပ်ကွက် ပီမိုးနင်းလမ်းရှိ ကျူးကျော်နေထိုင်သူအချို့က မဇ္စျိမ သို့ပြောသည်။
“ဥပဒေကြောင်းအရ တရားမျှတတဲ့ အရေးယူမှု လုပ်ရင်တော့ ခံဖို့အသင့်ပါ။ ကျွန်မတို့ ဖယ်မပေးနိုင်ဘူး။ နိုင်ငံသားတယောက်အနေနဲ့ အမိမြေမှာတော့ ကျောတနေရာ ချနေနိုင်မယ်လို့ ထင်လို့ နေထိုင်တာပါ ” ဟု ကျူးကျော်နေထိုင်သူ ဒေါ်အေးလွင်က ပြောသည်။
အဆိုပါ ပြည်သူများမှာ လူ ရ၀၀ ခန့် ရှိပြီး ကျူးကျော် နေထိုင်သော မြေကွက်မှာ ၁၅ ဧကကျော် ရှိကြောင်း၊ အိမ်ခြေစုစုပေါင်း ၄၀၀ ခန့် ရှိသည်ဟု နေထိုင်သူများအား အကူအညီပေးနေသူ တဦးမှ ပြောသည်။
ကျူးကျော်လာရောက် နေထိုင်သူများမှာ နေထိုင်စားစရိတ် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရ သဖြင့် ယခုလို လာရောက်နေထိုင်နေရခြင်း ဖြစ်သည်ဟု မဇ္စျိမ သို့ပြောသည်။
“အိမ်ဌားနေဖို့လည်း တလကို နှစ်သောင်းခွဲလောက်ရှိတယ်။ စားဖို့တောင် မရှိတဲ့ အနေအထားမှာ နေဖို့ ပါခက်နေတော့ ကျွန်တော်တို့ ဒီလို လာနေထိုင်နေရတာပါ” ဟု ကျူးကျော်နေထိုင်သူ ကိုကျော်လှိုင်က ပြောသည်။
ယခုလို ကျူးကျော်နေထိုင်နေသူများမှာ လှိုင်သာယာမြို့နယ်မှ ဒေသခံများ အပါအဝင် အခြားရပ်ဝေး ဒေသများမှပြည်သူများ ပါ၀င်ကြပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှ စ၍ ၀ါးများဖြင့် တိုင်စိုက်ကာ မြေနေရာယူ ထားပြီး ၀ါးအိမ် တည်ဆောက်မှု လုပ်ငန်းများလည်း စတင်လျက် ရှိကြောင်း တွေ့ရသည်။
အဆိုပါ ၀ါးများအား ဖေဖော်ဝါရီလ ၁ ရက်နေ့ ညသန်းခေါင်ယံ အချိန်က အမည်မသိသူ တဦးမှ ထရပ်ကား ၃ စီးဖြင့် လာရောက်ပို့ဆောင်သွားကြောင်း ဒေသခံ အချို့က ပြောသည်။
ယခု ကျူးကျော်ဝင်ရောက်နေထိုင်ကြသော မြေကွက်လပ်သည် လွန်ခဲ့သော ၈ နှစ်ခန့်က စပါးစိုက်လယ်မြေ ဖြစ်ခဲ့ပြီး အိုးအိမ်မှ သိမ်းယူကာ စတားလိုက် ကုမ္မဏီ သို့ရောင်းချမှု ပြုလုပ်ခဲ့ကြောင်း ပီမိုးလမ်းတွင် နေထိုင်သူများက ပြောသည်။
“လယ်သမားတွေကိုဖယ်ခိုင်းတော့ လယ်သမားတွေက မဖယ်နိုင်ဘူး ဆိုပြီးနေတာ။ ဒါနဲ့ အနီးအနား ရပ်ကွက်တွေက လူတွေပါလာနေရင်း အခုလောက်ထိ များသွားတာ”ဟု အဆိုပါမြေကွက်အနီးတွင် နေထိုင်သူ တဦးကပြောသည်။
ထိုသို့ ကျူးကျော်နေထိုင်သူများအား အိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့် လုံးဝပေးမည် မဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးစိုးတင့်မှ နေပြည်တော်တွင် ဖေဖော်ဝါရီလ ၃ ရက် နေ့က ပြုလုပ်ခဲ့သည့် မီဒီယာနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံပွဲတွင် ပြောကြားသည်။
ကျူးကျော်နေထိုင်သူများ ၀င်ရောက််လာမည်ကို စိုးရိမ်သဖြင့် နောက်ထပ် ဆက်လက် လုပ်ဆောင်မည့် စီမံကိန်းများကိုလဲ ကြိုတင် ဖော်ပြသွားတော့မည် မဟုတ်ဟု ၀န်ကြီးမှ မီဒီယာနှင့် သမ္မတရုံး ၀န်ကြီး တွေ့ဆုံပွဲတွင် ပြောခဲ့သည်။
အဆိုပါ ကျူးကျော်နေထိုင်သော ပြည်သူများအား စည်ပင်ဝန်ထမ်းများမှ ၀ါးများ ၀င်ရောက်နှုတ်ယူ မှုများ ဇန်နဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ကျူးကျော်နေထိုင်သူများအား ဖယ်ရှားရန် အာဏာပိုင်များမှ နည်းမျိူးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။