UNFC နှင့် ကချင် အဖွဲ့ ၁၁ ဖွဲ့တို့ ထိုးစစ်ရပ်ရန် ကြေညာချက်ထုတ်ပြန်

UNFC နှင့် ကချင် အဖွဲ့ ၁၁ ဖွဲ့တို့ ထိုးစစ်ရပ်ရန် ကြေညာချက်ထုတ်ပြန်
by -
မဇ္ဈိမ

ကချင်ပြည်နယ် အတွင်းရှိ အစိုးရ တပ်များ၏ ထိုးစစ်များ လုံးဝ ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ကချင်အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍လည်းကောင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် အသီးသီး ကြေငြာချက်များ ထုတ်ပြန် တောင်းဆို လိုက်သည်။

ကချင် အဖွဲ့ ၁၁ ဖွဲ့မှ ပူးတွဲ၍ ထုတ်ပြန်ထားသည့် ကြေငြာချက်တွင် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို
လေကြောင်းမှ လေယာဉ်များ အသုံးပြု တိုက်ခိုက်နေမှုများနှင့် လက်နက်ကြီးများဖြင့် ကချင်-တရုတ် နယ်စပ် တလျှောက်ရှိ ကချင် ဒုက္ခသည် စခန်းများဘက်သို့ ပစ်ခတ်နေမှုများကို ချက်ခြင်း ရပ်တန့်ပေးရန်နှင့် စစ်ရေးအရ ဖိအားပေးမှုများ ဖယ်ရှားကာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် အပါအဝင် အချက် လေးချက်ကို တောင်းဆို ထုတ်ပြန် ထားသည်။

စစ်ပြေး ဒုက္ခသည်များ၏ ဘဝ လုံခြံုရေးအတွက် ဆိုးရွားသည့် အခြေအနေများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်လိမ့်မည်ဟု သုံးကပ်ကာ ယခုကဲ့သို့ ကချင် အဖွဲ့များ စုပေါင်း၍ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ရာတွင်ပါဝင်သည့် ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ သူ မမွန်းနေလီက ပြောသည်။

“အဓိက ကတော့ ဒုက္ခသည်တွေရဲ့ ဘဝလုံခြံုရေး အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာ ဖြစ်လာနေတယ်၊ တစ်ဖက် မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်နေတဲ့ အချိန်မှာ အခုလို ထိုးစစ် ပြင်းပြင်း ထန်ထန် လုပ်နေတာ ဟာလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အတားအဆီးတွေ ဖြစ်စေတယ်” ဟု မမွန်းနေလီမှ မဇ္စျိမအား ပြောသည်။

ကချင်-တရုတ် နယ်စပ် တလျှောက် KIO ထိန်းချုပ် နယ်မြေအတွင်း လဂျားယန် ဒေသ၌ စစ်ပြေး ဒုက္ခသည်ပေါင်း ၂၅,၀၀၀ ဝန်းကျင်ခန့်၊ လိုင်ဇာမြို့၌ ၂၀,၀၀၀ ဝန်းကျင်နှင့် ရှမ်းမြောက်ပိုင်းရှိ ကွတ်ခိုင် မြို့ပေါ်၌ ဒုက္ခသည် အသစ် အနည်းဆုံး (၅၀၀) ခန့် ဒုက္ခသည် စခန်း များ၌ အသီးသီး ခိုလှုံ နေကြရ သည်ဟု လည်းဆိုသည်။

ဒုက္ခသည် များမှာ စောင်၊ အနွေးထည်၊ စားနပ် ရိက္ခာ၊ ဆေးဝါးများ မလုံလောက်သည့် ပြဿနာများနှင့် ရင်ဆိုင်နေရ ပြီး ယာယီ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်နေကြရသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီး ရွယ်အိုများနှင့် ကလေးသူငယ်များမှာ အအေးဒဏ်မှတဆင့် ရရှိသည့် ရောဂါများ ခံရစား နေရသည်ဟု ဆိုသည်။

ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ ရှိသော်လည်း နှစ်ဖက် အကြား ဆွေးနွေးပွဲများ ပေါ်ပေါက် လာနိုင်ရန် မျှော်လင့်ကြောင်း မမွန်းနေလီက ပြောသည်။

“ဆွေးနွေးပွဲ လုပ်တယ် ဆိုတာက ယုံကြည်မှု တစ်စုံတစ်ရာ ရှိမှသာ ဆွေးနွေးပွဲ အောင်မြင်ဖို့ ဖြစ်တယ်၊ ဆွေးနွေးပွဲ လုပ်တိုင်းလဲ အောင်မြင် တယ်လို့ ပြောလို့မရဘူး၊ ထိုးစစ်တွေ အပြင်းအထန် လုပ်နေ ခြင်းဟာလည်း အကြိမ်ကြိမ် အဖန်ဖန် ဆွေးနွေး ခဲ့ကြတဲ့ ယုံကြည်မှု တွေကို ပျက်ပြားအောင် လုပ်ဆောင် နေသလို ဖြစ်နေတယ်၊ ကျွန်မတို့ အနေနဲ့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုတော့ မျှော်လင့် ပါတယ်” ဟု မမွန်းနေလီမှ မဇ္စျိမကိုပြောသည်။

တချိန်တည်းတွင် တိုင်းပြည် အတွက် အကျိုးယုတ် စေသည့် ထိုးစစ်ဆင် တိုက်ခိုက် နေမှု များအား အလျင် အမြန် ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC မှ ယမန်နေ့က ကြေငြာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

“တိုင်းရင်းသား ပြဿနာများကို လက်နက် အားကိုးပြီး နှစ်ပေါင်းများစွာ ဖြေရှင်းခဲ့သော်လည်း မပြေလည်နိုင်ရုံမျှမက တိုင်းပြည် ခေတ်နောက်ကျ ပြည်သူများ ဒုက္ခ ရောက်နေရသည်ကို သင်ခန်းစာ မယူပဲ စစ်ရေး နည်းဖြင့် ဆက်လက် ဖြေရှင်းခြင်းသည် အလွန် မိုက်မဲသော လုပ်ရပ် ဖြစ်သည်” ဟု ကြေငြာချက်၌ ဖော်ပြ ပါရှိသည်။

ထို့အပြင် အကယ်၍ ထိုးစစ်ဆင် တိုက်ခိုက် နေမှုများ မရပ်တန့်ဘဲ ဆက်လက် တိုက်ခိုက် နေပါက နောင်ဖြစ် လာမည့် ဆိုးကျိုး အားလုံးသည် အာဏာရ အစိုးရနှင့် မြန်မာ့ တပ်မတော် တာဝန်ပင် ဖြစ်မည် ဖြစ်ကြောင်း ကိုလည်း ထောက်ပြ ပြောဆိုထားသည်။

ဦးအောင်မင်းနှင့် ကချင် ကိုယ်စားလှယ် အဖွဲ့တို့ အောက်တိုဘာလ (၂၀) ရက်နေ့က တွေ့ဆုံစဉ်၌ လည်းကောင်း၊
နိုဝင်ဘာလ ၉ ရက်နေ့က UNFC ကိုယ်စားလှယ် များနှင့် တွေ့ဆုံစဉ်၌ လည်းကောင်း နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

ယင်းကိစ္စအပေါ် အခြေခံ၍ လက်ရှိ ဖြစ်ပွားနေမှုအပေါ် “တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့စည်း တရပ်ရပ် လူမျိုး တမျိုးမျိုးအား ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းသည် မိမိတို့ အားလုံးကို ချေမှုန်းရန် ဦးတည် နေခြင်း ဖြစ်ကြောင်း ကောင်းစွာ နားလည် ကြပါသည်” ဟုလည်း ကြေငြာချက်၌ဖော်ပြ ပါရှိသည်။

UNFC အနေဖြင့် ရရှိ ထားပြီး ဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်း အရ တွေ့ဆုံ ဖြေရှင်းရေး သဘော တူညီမှုကို ပျက်ပြား မသွားစေလို၍ စိတ်ရှည်စွာဖြင့် ထိန်းသိမ်း လုပ်ဆောင် နေကြခြင်း ဖြစ်ကြောင်း
ယမန်နေ့ ကြေငြာချက်၌ ရေးသား ဖော်ပြထားသည်။