ဒုတိယ ကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့သည့် မြန်မာ-ထိုင်း 'သေမင်းတမန်' ရထားလမ်းမှ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းပိုင်းကို ပြန်လည် ဖောက်လုပ်ရန်အတွက် ဖြစ်နိုင်ခြေ ရှိသည့် လေ့လာစမ်းသပ်ချက် (Feasibility Survey) ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန် ရှိသူများက မဇ္စျိမကို ပြောဆိုသည်။
“စနေပါပြီ။ စနေတယ် ဆိုပေမယ့် ဟိုဘက်က ငြိမ်းချမ်းရေးအဖွဲ့ နယ်မြေလေ။ ဟိုဘက်နဲ့ မပြေလည်ဘဲနဲ့ ကျနော်တို့ မဝင်ရဲဘူးလေ” ဟု မြန်မာ့ မီးရထား တိုင်း (၈) မြို့ပြ အင်ဂျင်နီယာမှူး ဦးတင်မြင့် က ပြောသည်။
လေ့လာရေး အဖွဲ့ခေါင်းဆောင် ဦးမျိုးဝင်း ကလည်း “အခု သံဖြူဇရပ် အဝမှာပဲ ရှိသေးတယ်။ အတွင်းထဲ မဝင်ရသေး ဘူး။ သန်ဘက်ခါ ဝန်ကြီး လာမယ်။ ၂၆ လောက်ဆို ကျနော်တို့ အထဲဘက် ဝင်ဖြစ်မယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း သံဖြူဇရပ်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ရထားလမ်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်ဟု ဆိုသည်။
မွန်နှင့် ကရင် လက်နက်ကိုင် တိုင်းရင်းသား နယ်မြေကို ဖြတ်သန်းရမည့် ထိုရထားလမ်းအတွက် လိုအပ်သည့် တိုင်းတာမှုများ လုပ်ဆောင်နိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီတို့နှင့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆဲ ဖြစ်သည်ဟု ဆိုသည်။
“ကရင်နယ်မြေကြတော့ ကရင်ပြည်နယ် အစိုးရရုံးကို သွားထားတုန်းပဲ ရှိသေးတယ်။ ရှေ့အပတ်ကျမှ ဝန်ကြီးရုံးက စာထွက်ပေးမယ်။ ကရင်ပြည်နယ် အစိုးရရုံးက ကရင် နှစ်ဖွဲ့နဲ့ ပြန်ချိတ်ပေးလိမ့်မယ်” ဟု တိုင်း (၈) မြို့ပြ အင်ဂျင်နီယာမှူး ဦးတင်မြင့် က ပြောသည်။
ထိုရထားလမ်းဟောင်း ပြန်လည် ဖောက်လုပ်ရန်အတွက် မိုးရာသီအကုန်တွင် တိုင်းတာခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း၊ မေလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားတွင် လည်းကောင်း ပြောကြားခဲ့သည်။
၎င်းပြင် ရထားလမ်းဟောင်းနှင့် ယှဉ်ကာ ဖောက်လုပ်ထားသည့် သံဖြူဇရပ်- ဘုရားသုံးဆူ မော်တော်ကား လမ်းကို လည်း အသစ်ပြန်လည် ဖောက်လုပ်မည် ဖြစ်ပြီး ဘုရားသုံးဆူမြို့တွင် စီးပွားရေးဇုန် ဖွင့်လှစ်မည်ဟု ဦးအောင်မင်း က ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်း ဒီဇင်ဘာလ ၁၅ ရက်နေ့က မော်လမြိုင်သို့ ရောက်ရှိစဉ် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရေး၊ ယင်းရထားလမ်း၊ ကားလမ်းများ ပြန်လည် ဖောက်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
ထိုင်းအစိုးရ အနေနှင့်လည်း နယ်စပ်ဂိတ် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဘုရားသုံးဆူ နယ်စပ်သို့ လာရောက် လေ့လာခဲ့ကြပြီး ဖြစ်သည်။
မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ စတင်ပြီး ဘုရားသုံးဆူ တောင်ကြားကို ဖြတ်ကာ ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာသို့ ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ ဖောက်လုပ်ခဲ့သည့် အထက်ပါ ရထားလမ်းဟောင်း သည် လမ်းတခုလုံး မိုင် ၁၇၅ ကျော် ရှည်လျားသည်။
သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းပိုင်းသည် မိုင် ရဝ ခန့် ရှိပြီး မွန်ပြည်နယ်အတွင်း ၉ မိုင် ၅ ဖာလုံနှင့် ကရင်ပြည်နယ် အတွင်း ၅၈ မိုင် ရှိသည်ဟု ဦးတင်မြင့် က ပြောသည်။
စစ်အတွင်းက မူလမီးရထားလမ်း ဖောက်လုပ်ရာတွင် တောင်ဖြိုဖောက်ခြင်း၊ သစ်လုံးကြီးများကို ထမ်းရခြင်း၊ အစာရေစာ မဝလင်ခြင်းနှင့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ တို့ကြောင့် မြန်မာနိုင်ငံသား ၈ဝ,ဝဝဝ ကျော်နှင့် မဟာမိတ် တပ်သား ၁ဝ,ဝဝဝ ကျော် အသက် ဆုံးရှုံးခဲ့ကြရသည်ဟု မှတ်တမ်းများက ဖော်ပြကြသည်။
ယခင်လမ်းဟောင်း ကျောရိုးကို အခြေခံကာ စတင်တိုင်းတာပြီးနောက် ကောင်းကင်မြေပုံနှင့် တိုက်ဆိုင် စစ်ဆေးကာ လမ်းအူကြောင်းသစ်ကို ပြန်လည် ရွေးချယ်လိမ့်မည်ဟုလည်း မြန်မာ့မီးရထား အင်ဂျင်နီယာဌာနက ပြောသည်။
လမ်းဖောက်လုပ်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် လေ့လာစမ်းသပ်ချက်များ ပြုလုပ်ပြီးနောက် ရထား ဝန်ကြီးဌာနသို့ အစီရင်ခံ တင်ပြကာ ဝန်ကြီးဌာန၏ ဖြည့်စွက်ချက်နှင့်အတူ လွှတ်တော်တွင် အဆုံးအဖြတ် ရယူမည်ဟု သိရသည်။
ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်များကမူ သေမင်းတမန် ရထားလမ်း ပြန်လည် ဖောက်လုပ်မည့် စီမံကိန်းသည် မြန်မာနိုင်ငံ ကမ်းရိုးတန်း တလျှောက်တွင် ဆောက်လုပ်မည့် ရေနက်ဆိပ်ကမ်း လေးခုအနက် တခု အပါအဝင် ဖြစ် သည့် မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်း၏ အစိတ်အပိုင်းတခု ဖြစ်သည်ဟု ဆိုသည်။
မတ်လဆန်းတွင် မွန်စီးပွားရေး လုပ်ငန်းရှင်များက ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ကုလားဂုတ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် အစီအစဉ် အပါအဝင် စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သည့် ရေး-သံဖြူဇရပ်- ဘုရားသုံးဆူလမ်း၊ ရေး-သံဖြူဇရပ်- ကြာအင်းဆိပ်ကြီး- ကျုံဒိုး-ကော့ကရိတ်- မြဝတီလမ်း ဖောက်လုပ်ရေးနှင့် ဘုရားသုံးဆူမြို့ အနီးတွင် စက်မှုဇုန် တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်သူ စီးပွားရေး လုပ်ငန်းရှင်
နိုင်စိုးမြင့် က ပြောသည်။
အထက်ပါ စီမံကိန်းများကြောင့် ဘုရားသုံးဆူမြို့ရှိ အိမ်ခြံမြေများ စျေးထိုးတက်လာ၍ အချက်အချာကျသည့် နေရာ များကို ဒေသဖွံ့ဖြိုးရေး အဖွဲ့က ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဝယ်ယူလျက် ရှိသည်ဟု ဘုရားသုံးဆူ မြို့ခံများက ပြောသည်။
ယခင်က မြို့ပြင်ရှိ ပေ ၄ဝ x ၆ဝ ရှိ အိမ်ခြံမြေ တကွက်လျှင် ထိုင်းဘတ်ငွေ ခုနှစ်သောင်းမှ တသိန်းဝန်း ကျင်သာ ရှိခဲ့ရာမှ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသား အစည်းအရုံးတို့ ပြည်ထောင်စု အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူချက် ရရှိပြီး နောက်ပိုင်းတွင် သုံးသိန်းမှ လေးသိန်းဝန်းကျင်ထိ တက်ခဲ့သည်။