အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးများတွင် လက်ရှိအနေအထားအရ အစိုးရချင်း ဆက်ဆံရေးမှာ တိုးတက် ကောင်းမွန်လာလျက် ရှိသော်လည်း အခြားကဏ္ဍများတွင် တိုးမြှင့်ရန် လိုနေသေးကြောင်း အိန္ဒိယ ပေါ်လစီ သုတေသနဌာနမှ အကြီးတန်းအရာရှိတဦးက ပြောဆိုလိုက်သည်။
မြန်မာသမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့၏ အပြန်အလှန် အလည်အပတ်ခရီးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် များကို ထောက်ပြပြောဆိုသွားပြီး ရေရှည်ဖွံ့ဖြိုးရေးနှင့် ချစ်ကြည်ရေးတို့အတွက် ပိုမိုခိုင်မာစေရန် လိုအပ်ကြောင်း Centre for Policy Research ၏ ဂုဏ်ထူးဆောင် အကြီးတန်း သုတေသီ ဆန်ဂျေး ဘာရူ Sanjaya Baru က ပြောဆို လိုက်သည်။
“ဒီ ၂၀၁၂ အခြေအနေအရဆို အစိုးရချင်း ဆက်ဆံရေး(G to G) တိုးတက်လာတယ်။ ဒါပေမယ့် စီးပွားရေးသမားချင်း (B to B)၊ ပြည်သူချင်း ဆက်ဆံရေး (P to P)တွေမှာ ဒိထက်တိုးတက်လာဖို့ လိုတယ်” ဟု အာဆီယံ-အိန္ဒိယ ထူးချွန်သူများအစုဝင် ဆန်ဂျေး က ဆိုသည်။
‘Myanmar: Distant Neighbour’ နိုင်ငံတကာ ကွန်ဖရင့်တရပ်ကို နယူးဒေလီမြို့ရှိ Jamia Millia Islamia တက္ကသိုလ် ၏ ရာဘိန္ဒြာနာ့သ် တဂိုး ခန်းမတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ အိန္ဒိယ သုတေသီများ၊ ပါမောက္ခများနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။
တောင်အာရှနှင့် အရှေ့တောင်အာရှ၏ ပေါင်းကူး ဂိတ်တံခါးဖြစ်နေသော မြန်မာနိုင်ငံ၏ အရေးပါမှုမှာ ကြီးမားပြီး ပြောင်းလဲလာနေသော မြန်မာနိုင်ငံမှာ ထိုအတွက် အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြောင်း ပြောဆိုကြသည်။
သို့သော် အခြေအနေအား အကောင်းဘက်မှချည်း တဖက်တည်း ဆို၍မရသလို ခြိမ်းခြောက်နေသော အန္တရာယ်များ လည်း ရှိနေသည်ကို ကြည့်မြင်တတ်ရမည်ဟု ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) ၏ ညွှန်ကြားရေးမှူးချုပ် ရာဂျစ် ဘာတီးယား Rajiv Bhatia က ထောက်ပြပြောဆိုသည်။
“ကချင်၊ ရိုဟင်ဂျာ၊ ချင်းလူ့အခွင့်အရေး စတာတွေဟာ ကမ္ဘာ့အာရုံစိုက်စရာတွေ အဖြစ် ရှိနေဆဲပါ။ နောက်ပြီး ‘စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ’ဆိုတာ ကြားကာလလား ပန်းတိုင်လား၊ လက်ရှိအခြေခံဥပဒေကို ဘယ်လိုပြင်ကြ မှာလဲ၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတော့ ကြားကြားနေရတယ်၊ NLD အကြောင်း သိပ်မကြားရတော့ ပါတီမှာ ဒုတိယတန်းစား ခေါင်းဆောင်ဟာ ခေါင်းဆောင်မှုနေရာအတွက် အဆင်သင့် ဖြစ်နေရဲ့လား စတာတွေဟာ မေးခွန်း ထုတ်စရာတွေပါ” ဟု သံအမတ်ကြီး ရာဂျစ် ဘာတီးယား က ဆိုသည်။
ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုဌာနမှ ဒေါက်တာသောင်းထွန်း ကလည်း ‘ပါလီမန်၊ ပါတီများနှင့် အာဏာ’ခေါင်းစဉ် ဖြင့် ဆွေးနွေးခဲ့ရာ NLD မှာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုတွေခံထားရ၍ ပါတီညီလာခံ မကျင်းပနိုင်ခဲ့ရဘဲ ပါတီအဖွဲ့ အစည်း အဆင့်ဆင့်ကို ပြန်လည်တည်ဆောက်နေရကာ မကြာမီ ပထမဆုံးညီလာခံတရပ် ကျင်းပရန်ရှိကြောင်း သိရသည်ဟု ပြောဆိုသွားသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးစားမှုဖြင့်သာ တည်ဆောက်လာခဲ့ရသည်ဟုလည်း ပြောဆိုသွားသည်။
ထို့အပြင် သမ္မတရုံးနှင့် ပါလီမန်တို့အကြား သဘောကွဲလွဲမှုများဖြင့် အခြေခံဥပဒေခုံရုံးအဖွဲ့ ဖျက်သိမ်း ခံလိုက်ရပြီး မည်သို့ပြန်လည် ဖွဲ့စည်းကာ မည်သည့်အခွင့်အာဏာများ အပ်နှင်းမည်မှာ အရေးကြီးကြောင်း ဒေါက်တာသောင်းထွန်း က ဆက်ပြောသည်။
‘မြန်မာ့ လူမှု-နိုင်ငံရေး တန်ဖိုးများနှင့် ဒီမိုကရေစီဖော်ဆောင်မှု’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် စာရေးဆရာ ကျော်ဝင်း ကလည်း လက်ရှိ မြန်မာနိုင်ငံအား နိုင်ငံကြီးများက အလွန်စိတ်ဝင်စားကြောင်း ပြသလျက်ရှိ၍ သတိရှိရှိ နေထိုင်တတ် ရန် အရေးကြီးကြောင်း ပြောသည်။
“အိန္ဒိယတင် မဟုတ်ပါဘူး။ တရုတ်ရော၊ အမေရိကားရော ကျနော်တို့နိုင်ငံကို အများကြီး စိတ်ဝင်စားလာ ကြတာ တွေ့ရတယ်။ အခုကတော့ သူတို့ရဲ့ အရှေ့မျှော် ပေါ်လစီကို ကျနော်တို့နဲ့ ဆက်စပ်ပြောသွားကြတာပါ။ အဲဒါ ကိုယ့်ဘက်က deal (ကိုင်တွယ်) နိုင်ရင်တော့ ကောင်းတဲ့အလားအလာ ဖြစ်မှာပဲ။ သိပ်ပြီး ကျွမ်းကျွမ်း ကျင်ကျင် မကိုင်တွယ်နိုင်ရင်တော့ အန္တရာယ်ဖြစ်လိမ့်မယ် ထင်တယ်” ဟု မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားသွား သည်။
ထို့ပြင် မြန်မာ့လူ့ဘောင်၏ အစဉ်အလာအစွဲများနှင့် စိတ်ကူးစံများဖြင့် နိုင်ငံရေးလုပ်ရန်မှာ မထိရောက်နိုင်ဘဲ အရှိအဖြစ်တရားကိုကြည့်ကာ လုပ်သင့်ကြောင်း ပြောဆိုသွားသည်။
အစည်းအဝေးသို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဝင်းမြင့် က ‘တိုင်းရင်းသားနှင့် အားလုံးပါဝင်နိုင် မှု’ စာတမ်းကို ဖတ်ကြားတင်သွင်းသွားပြီး ဥရောပ-မြန်မာရုံးမှ ဗစ်တာ ဗျက်လျန်း ကလည်း ‘စိန်ခေါ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်’ ကို ဆွေးနွေးသွားသည်။