ပျူစာတမ်းဖတ်ပွဲ အစီအစဉ် ချံု့လိုက်ရ

ပျူစာတမ်းဖတ်ပွဲ အစီအစဉ် ချံု့လိုက်ရ
by -
မဇ္စျိမ

စာတမ်းရှင်များ မတက်ရောက်နိုင်ခြင်းနှင့် အဟန့်အတားများနှင့် ကြုံတွေ့ရ၍ ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ စာတမ်းဖတ်ပွဲကို မူလရည်ရွယ်ချက်အတိုင်း ပြည့်စုံစွာ မကျင်းပလိုက်ရကြောင်း ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချစ်စံဝင်း က ပြောသည်။

မူလက စာတမ်း အစောင် ၄ဝ ကို သုံးရက်အတွင်း ဖတ်ကြားမည်ဟု ရည်ရွယ်ထားသော်လည်း စာတမ်း ဖတ်ပွဲကို နှစ်ရက်သာ ကျင်းပနိုင်ခဲ့ပြီး စာတမ်း ၁၉ စောင်ကိုသာ ဖတ်ကြားနိုင်ခဲ့သည်ဟု ဆိုသည်။

“စာတမ်း ဖတ်မယ့်လူ ၆ ယောက်၊ ရ ယောက်လောက်က မလာတဲ့အတွက်ရယ်။ စာတမ်းဖတ်ပွဲ မကျင်းပဖြစ် အောင် နည်းနည်းတားတာ ဆီးတာ ရှိလို့။ စာတမ်းဖတ်ပွဲကို ဆန္ဒပြဖို့ ရန်ကင်းရဲဌာနမှာ တင်ထားတာ ရှိတယ်။ ကျနော်တို့ လည်း ပြဿနာ မဖြစ်အောင် ဆိုပြီးတော့ အတိုချုပ်တာလည်း ပါတယ်” ဟု ဒေါက်တာချစ်စံဝင်း က မဇ္စျိမကို ပြောသည်။

အခမ်းအနားသို့ ပြည်တွင်း ပြည်ပမှ ပညာရှင် ၆ဝ ကျော် တက်ရောက်ကာ စာတမ်းဖတ်ပွဲ နောက်ဆုံးနေ့တွင် သက်ဆိုင်ရာ ပညာရှင်များ၏ သဘောတူညီချက်ကို ကြေညာချက်အဖြစ် ထုတ်ပြန်သွားမည်ဟု ကော်မတီက ကြေညာထားသော်လည်း ပညာရှင် ၃ဝ ဝန်းကျင်ခန့်သာ တက်ရောက်နိုင်ခဲ့ပြီး စုပေါင်းသဘောတူချက် တစုံတရာ မထုတ်ပြန်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံဘဏ်များ အသင်းတိုက် အဆောက်အအုံ၌ ကျင်းပသည့် ထို ပျူစာတမ်း ဖတ်ပွဲသည် ထင်းရှားရှိခဲ့သည့် မွန်သမိုင်းကို မှေးမှိန်အောင် လုပ်သည့် စာတမ်းဖတ်ပွဲ ဖြစ်သည်ဟု ဆိုပြီး နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြရန် နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကင်းမြို့ နယ် ရဲတပ်ဖွဲ့မှူးသို့ မွန်သမိုင်း သုတေသနအဖွဲ့က လျှောက်ထားခဲ့ခြင်းသည်။

ဒေါက်တာချစ်စံဝင်း ကမူ ဤစာတမ်းဖတ်ပွဲ ကျင်းပခြင်းသည် မွန်သမိုင်းကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက် လုံးဝ မရှိကြောင်းနှင့် ကိုလိုနီသမိုင်းဆရာများ ရေးသားခဲ့သည့် သမိုင်းကို ချေဖျက်ရန်အတွက်သာ ဖြစ်သည်ဟု ပြောသည်။

“အရင်တုန်းက အင်္ဂလိပ်တွေက မြန်မာ့သမိုင်းကို အနော်ရထာကနေ စတယ်လို့ ရေးခဲ့တယ်။ အနော်ရထာက စမယ် ဆိုရင် ဟိုဘက်မှာ တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ရှိခဲ့တယ်။ ပန်းပဲ မောင်တင့်တယ်၊ ပျူစောထီးတို့ လို ရှိခဲ့တယ်။ အဲဒါတွေ အကုန်လုံး ဒဏ္ဍာရီထဲ ရောက်ကုန်တယ်။ အင်္ဂလိပ်တွေ လည်ဆည်ပြီး ရေးထားတာကို
ချေဖျက်ပြီးတော့ မြန်မာ့သမိုင်းအမှန် ဖြစ်စေရေးကို ရည်ညွှန်းပြီးတော့ပေါ့လေ စာတမ်းဖတ်ပွဲကို ကျင်းပတာ ဖြစ်ပါ တယ်” ဟု ဒေါက်တာချစ်စံဝင်း က ဆိုသည်။

စာတမ်းရှင် တဦးဖြစ်သည့် နိုင်ရဲဇော် ကလည်း “မြန်မာနိုင်ငံတော်ဟာ တိုင်းရင်းသား မျိုးနွယ်စုတွေ များစွာနဲ့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုအတွက် ကျနော်တို့မှာ တင်ကျန်ရစ်ခဲ့တဲ့ အာဃာတ အဟောင်းတွေ မချုပ်ငြိမ်းမီမှာ အာဃာတ အသစ်တွေ မတည်ဆောက်မိဖို့ အလွန်တရာမှအရေး ကြီးလှပါတယ်” ဟု ‘မွန်တို့နှင့် ပတ်သက်ဆက်နွယ်လာသော ပျူစာတမ်းများ’ ခေါင်းစဉ်ဖြင့် စာတမ်းတစောင် ဖတ်ကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထိုစာတမ်းဖတ်ပွဲကို ရပ်တန့်ပေးမည်ဟု မွန်ပြည်နယ်သို့ ရောက်ရှိစဉ် နိုဝင်ဘာလ ၂၅ ရက်နေ့က နှုတ်ကတိပေးခဲ့ပြီးနောက် ဆန္ဒပြရန် ရည်ရွယ်ထားသည့် မွန်သမိုင်း ကော်မတီကလည်း စာတမ်းဖတ်ပွဲကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ပျူစာတမ်း ဖတ်ပွဲနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် မွန်ပြည်သစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီပါတီတို့ ဦးဆောင်ကာ လူထု ရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြီး ပျူစာတမ်း ဖတ်ပွဲတွင် ဒေါက်တာချစ်စံဝင်း ရေးသားသည့် ‘မြန်မာ့ဘူမိ ဖြစ်စဉ်နှင့် ပျူတို့၏ ရှေးဦး မြို့ပြနိုင်ငံ အခင်းအကျင်း’ စာအုပ်ကဲ့သို့သော မွန်သမိုင်းများကို ထိပါးသည့် စာတမ်းများကို ဆက်လက် ဖတ်ကြားပါက ဆန္ဒပြပွဲ ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်တွင် မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိ (သထုံ) ကို သထုံပျူမြို့၊ ဝင်းကပျူမြို့ဟု ဆိုပြီး တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဓညဝတီ တို့သည်လည်း ပျူမြို့ပြနိုင်ငံကြီးများ ဖြစ်သည်ဟု ရေးသားထားသည်။

မွန်သမိုင်းသုတေသနအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အငြိမ်းစား မွန်ပြည်နယ် ပြတိုက်မှူး နိုင်ခင်မောင်လေး အား နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မွန်ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူတွေ့ဆုံပြီး နောက်တနေ့တွင် မွန်သမိုင်း သုတေသနအဖွဲ့ကို ဖျက်သိမ်းကြောင်း နိုင်ခင်မောင်လေး က မိမိဆန္ဒအရ အသိပေး ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ပျူစာတမ်းဖတ်ပွဲကို ကန့်ကွက်တားမြစ်ရန်အတွက် မွန်သမိုင်း သုတေသနအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းစာတမ်း ဖတ်ပွဲ ရပ်ဆိုင်းသွားသည့်အတွက် လုပ်ငန်းပြီးဆုံးပြီ ဖြစ်၍ အဖွဲ့ကို ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

မွန်သမိုင်း သုတေသနအဖွဲ့ကမူ ၎င်းဖြစ်စဉ်သည် မိမိတို့ သပ်လျှိုဖြိုခွဲခံရခြင်းသာ ဖြစ်သည်ဟု ဆိုပြီး အဖွဲ့ ဖျက်သိမ်း သည်မှာ မဟုတ်မမှန်ကြောင်း ပြောသည်။ အများ ဆန္ဒအရသာ အဖွဲ့ကို ဖျက်သိမ်းနိုင်ပြီး အဖွဲ့၏ ရည်ရွယ်ချက်မှာ လည်း ပျူစာတမ်း ဖတ်ပွဲကို ကန့်ကွက်ရုံ မဟုတ်ဘဲ မွန်ယဉ်ကျေးမှုနှင့် မွန်သမိုင်းမှန်ကို ဖော်ထုတ်နိုင်ရန်အတွက် လည်း ပါဝင်ကြောင်း ပြောဆိုကြသည်။