လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအား ကန့်ကွက်နေသော သပိတ်စခန်းများ ဖျက်သိမ်းပေး ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာထားသော်လည်း တိကျသေချာသည့် အဖြေတခု မရမချင်း ဆက်လက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ပင်မ သပိတ်စခန်းတွင် ဆန္ဒပြနေသော မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးတေဇ က မိန့်ကြားသည်။
“ဦးဇင်းတို့ ပြန်သွားရင် နောက်က ချိနဲ့သွားမယ့် အင်အားကို မကြည့်ရက်ဘူးလေ။ ပြောင်းပြန် အရွေ့တခုတော့ လိုချင်တယ်” ဟု မိန့်ဆိုသည်။
စီမံကိန်းသို့ သတင်း မီဒီယာသမားများ ဝင်ရောက်ခြင်းမပြုရန် ဝမ်ပေါင်ရုံးအတွင်းရှိ လုံခြံုရေး ရဲအရာရှိက နံနက် ၁၀ နာရီခန့်တွင် အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် သတိပေးခဲ့နေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ ဟိန်းထက်/ မဇ္စျိမ)
ဆန္ဒပြ သပိတ်စခန်းများတွင် မန္တလေး၊ ပခုက္ကူနှင့် မုံရွာမှ သံဃာအပါး ၄ဝဝ ခန့်နှင့် လူအင်အား ၁ဝဝ ခန့် ရှိသည်။ အင်္ဂါနေ့က ပြည်ထဲရေးဌာနမှ သတိပေးချက် ထွက်ပေါ်လာပြီးနောက် သံဃာ အပါး ၁ဝဝ ခန့် တိုးမြှင့်အားဖြည့်လာခြင်းလည်း ဖြစ်သည်။
အလားတူ အစိုးရ၏ လုံခြံုရေး ရဲအင်အား ၁ဝဝဝ ခန့်ထိ တိုးမြှင့်ချထားကြောင်း သိရသည်။
သပိတ်ခေါင်းဆောင်တဦးဖြစ်သည့် မအေးနက် ကလည်း “ကျမတို့ လုံးဝ နောက်မဆုတ်ပါဘူး။ တကယ်လို့ ဒီ မှောက်နေတဲ့ သပိတ်ကို လှန်ရမယ်ဆိုရင် ဒီလက်ပန်းတောင်းတောင် စီမံကိန်း ဖျက်သိမ်းမယ်ဆိုတဲ့ စကားပဲ ကြားချင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေဖြစ်၍ ၎င်းစီမံကိန်းသို့ သတင်း မီဒီယာသမားများ ဝင်ရောက်ခြင်း မပြုရန် ဝမ်ပေါင်ရုံးအတွင်းရှိ လုံခြံုရေး ရဲအရာရှိက နံနက် ၁ဝ နာရီခန့်တွင် အသံချဲ့စက်ဖြင့် သုံးကြိမ်တိုင် သတိပေး ခဲ့သည်။
ဒေသခံများနှင့် သံဃာတော်များမှာ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင် သပိတ်မှောက်ကြပြီး ယခု သပိတ်စခန်း ပေါင်း ၆ ခု ရှိနေသည်။ အဆိုပါ သံဃာတော်များ၏ ဆွမ်းအတွက် မုံရွာမြို့ခံ အလှူရှင်များနှင့် ဒေသခံများက တာဝန်ယူပေး လျက် ရှိသည်။
“စံပယ်တောင်ကို ဖြိုခဲ့တဲ့အတွက် အခု ကံကုန်း(ရွာ)မှာ ရေသောက်လို့ မရတော့ဘူး။ ဒီ လက်ပံတောင်း တောင်တွေ ကို ဖြိုလိုက်မယ်ဆိုရင် မိုးရွာလို့ စီးဆင်းသွားတဲ့ရေတွေဟာ ချင်းတွင်းမြစ်ထဲ ရောက်မယ်။ ပြီးတော့ ဧရာဝတီမြစ်ကို စီးမယ်။ အဲဒီတော့ ဒီရေ သောက်သုံးတဲ့လူတွေ ရောဂါတွေ အမျိုးမျိုးရမယ်” ဟု ဦးဆောင် လှုပ်ရှားသူ မအေးနက် က ပြောသည်။
သတင်းပေးပို့ချိန်အထိ လုံခြံုရေးများနှင့် သပိတ်အင်အားစုအကြား အကြမ်းဖက်မှု တစုံတရာ မရှိသေးပေ။ ထိုသပိတ် စခန်းများအား အကယ်၍ အကြမ်းဖက်ဖြိုခွင်းပါက “ပိုမိုဆိုးရွားသော ရလဒ်များသာ ရလာမည်” ဟု ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများသမဂ္ဂက ကြေညာထားသည်။
သို့သော် နို၀င်ဘာလ ၂၉ ရက်နေ့ နံနက် (၃) နာရီ အချိန်ခန့်က ယင်းသပိတ်စခန်းအား အစိုးရတာဝန်ရှိသူ များက အင်အားသုံး ခြေမှုန်းလိုက်သဖြင့် မီးလောင်မှုများ ဖြစ်ပွားကာ ဆန္ဒပြသူ အများအပြား ထိခိုက် ဒဏ်ရာ ရကြောင်း သိရသည်။ ဒဏ်ရာ ရသူများအနက် သံဃာတော်များ ပိုများကြောင်းလည်း သိရသည်။
ထိုကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက် နေပြီး တောင်ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၇ ရွာမှ လယ်မြေ ဧကပေါင်း ရ,၈ဝဝ ကို သိမ်းဆည်းထားသည်။