၂ဝ၁၄ ခုနှစ်၊ အာဆီယံ ဒေသတွင်း လုပ်သားစီးဆင်းမှု လွတ်လပ်ခွင့် အတွက် မြန်မာ အလုပ်သမားများ အနေနှင့် ကျွမ်းကျင်လုပ်သား (Skilled Labour) အဖြစ် အဆင်သင့်ရှိရန် လိုအပ်ကြောင်းအလုပ်သမား ဝန်ကြီးက ပြောကြားသည်။
နိုဝင်ဘာလ ၄ ရက်နေ့က လှိုင်သာယာစက်မှုဇုန်ရှိ ပုဂ္ဂလိက သင်တန်းကျောင်းတခုတွင် ဝန်ကြီး ဦးမောင်မြင့် က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများမသာက ပြည်တွင်း၌ အလုပ်အလုပ်ကြသည့် အလုပ်သမားများအတွက် ကျွမ်းကျင်လုပ်သား (Skilled Labour) နှင့် အလယ်အလတ် ကျွမ်းကျင်လုပ်သား (Semi Skilled Labour) များ ဖြစ်ရေး ပြစုပျိုးထောင်ထားရန် လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ပြည်ပမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာမည် ဖြစ်၍ ကျွမ်းကျင်လုပ်သားများ အဆင်သင့်ဖြစ်နေရန် လိုအပ်ကြောင်း ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ် လုပ်ကိုင်သူများက ဆိုသည်။
“အခုချိန်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း ထွက်ပေါ်လာပြီဆိုတော့ အဆင်သင့်ဖြစ်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ ဝင်ရောက် လုပ်ကိုင်လာတော့မယ်။ အဲဒီအချိန်မှာ ပြည်တွင်းက လုံလောက်တဲ့ ကျွမ်းကျင်လုပ်သားတွေ ရှိထားဖို့ လိုပါတယ်။ ပညာရှင်ပိုင်းကရော၊ လုပ်သားပိုင်းကပါ Skilled Labour ဖြစ်နေအောင် တဦးချင်းပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ပဲ ဖြစ်ဖြစ် လက်လှမ်းမီသလောက် ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ်” ဟု ကျွမ်းကျင် လက်သမားများ မွေးထုတ်ပေးနေသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
အထူးသဖြင့် အထည်ချုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့တွင် လုပ်ငန်းရှင် အများစုမှာ ကျွမ်းကျင်လုပ်သား များကို လေ့ကျင့်မွေးထုတ်ရမည့်အစား လုပ်ငန်းတူ လုပ်ကိုင်နေသူများထံမှ အတွေ့အကြံုရှိ ကျွမ်းကျင်လုပ်သားများ ကို လစာတိုးမြှင့် ခေါ်ယူအသုံးပြုခြင်းများသာ ရှိနေသည်ဟု ဆိုသည်။
“ကုမ္ပဏီတခု၊ လုပ်ငန်းတခု ထူထောင်လုပ်ကိုင်မယ်ဆိုရင် ကျွမ်းကျင်လုပ်သားက လိုကိုလိုအပ်ပါတယ်။ ဒါကိုသူများ ကုမ္ပဏီတွေက လူတွေကို လစာပိုပေးပြီး ခေါ်ယူတာမျိုးက မလုပ်သင့်တော့ပါဘူး။ ကြာတော့ လုပ်ငန်းတွေက များလာပြီး ကျွမ်းကျင်လုပ်သား နည်းလာရင် နိုင်ငံခြား ပညာရှင်တွေ ဝင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လုပ်ငန်းရှင်တိုင်းက မိမိလုပ်ငန်းခွင်နဲ့ သင့်တော်မယ့် ကျွမ်းကျင်ဝန်ထမ်းတွေများများ ထုတ်သင့်ပါတယ်” ဟုကျောက်တံတားမြို့နယ်တွင် ပုဂ္ဂလိက သင်တန်းကျောင်း ဖွင့်လှစ်ထား သူတဦးက ဆိုသည်။
အလားတူ အစိုးရအနေဖြင့်လည်းကောင်း၊ ပုဂ္ဂလိကအနေဖြင့်လည်းကောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ကာ ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်သင့်ကြောင်း စီးပွားရေးပညာရှင် တဦးက သုံးသပ်ပြောကြား သွားသည်။
အစိုးရ ကျွမ်းကျင်လုပ်သား လေ့ကျင့်ရေး သင်တန်းကျောင်းမှ ပိုက်ဆက်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်း၊ တွင်ခုံ၊ ဂဟေဟော်သင်တန်း စသည်တို့ကို သင်းတန်းသား ၂ဝ ပြည့်မီပါက တန်းခွဲတခုအဖြစ် ဖွင့်လှစ်သင်ကြား ပေးလျက် ရှိရာ တနှစ်လျှင် ကျွမ်းကျင်လုပ်သား ၁,ဝဝဝ ခန့် မွေးထုတ်ပေးနေကြောင်း သိရှိရသည်။