တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းရှိ ငါးမှုန့်စက်ရုံများကြောင့် မြိတ် ကမ်းရိုးတန်း တလျှောက် ရှိ ဒီရေတောများ ပြုန်းတီးလျက်ရှိကာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်စေကြောင်း ဒေသခံများနှင့် ၈၈ မျိုးဆက် ကျောင်းသားများက ပြောဆိုလိုက်သည်။
စက်ရုံကြီးများ လည်ပတ်ရာတွင် လောင်စာအဖြစ် ထင်းများကို အဓိက အသုံးပြုနေသောကြောင့် ထိုသို့ ပြုန်းတီး ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
“ဒီနား အနီးတဝိုက်မှာ ရှိတဲ့ ကျွန်းတွေက ဒီရေတောတွေတော့ အကုန်လုံး ကုန်ပြီ။ ဘာမှ မရှိတော့ဘူး။ အရင်ကဆို တနင်္သာရီကျွန်းစု၊ မြိတ်ကျွန်းစုတွေမှာ ဒီရေတောတွေ အများကြီးပဲ” ဟု မြိတ်ခရိုင် ၈၈ ကျောင်းသား အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။
မြိတ်မြို့ပေါ်တွင် အကြီးစား ငါးအမှုန့်ကြိတ် စက်ရုံကြီး ၅ ခုနှင့် မြိတ်မြို့ အနောက်ဘက် တမိုင်ခန့် ကွာဝေးသည့် ပထော်ပထက် ကျွန်းပေါ်တွင် စက်ရုံကြီး ၁ ခု ရှိပြီး စက်ရုံတရုံ၏ တနေ့တာ ထင်းလောင်စာ သုံးစွဲမှုနှုန်းမှာ အနည်းဆုံး ၁ဝ တန်ခန့် ရှိသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားထားသည်။
“စက်ရုံကြီးများ လည်ပတ်ရာတွင် စာချုပ်ပါ အချက်အလက်များအရ ဒီဇယ်ဆီ၊ FO စသည်တို့ဖြင့် အသုံးပြု၍ လည်ပတ် ရမည် ဖြစ်သော်လည်း ထင်းများအား အဓိက လောင်စာအဖြစ် အသုံးပြုနေခြင်းကြောင့် ဒီရေတောများ ပျက်စီးပြုန်းတီး လျက် ရှိသည်” ဟု ရေးသားထားသည်။
ကျွန်းဧရိယာ ကျယ်ပြန့်ခြင်းနှင့် ကျွန်းများ အလွန်များပြားသည့်အတွက် ဒီရေတော ပျက်စီးသည့် အကျယ်အဝန်းကို ခန့်မှန်းနိုင်ခြင်း မရှိဟု ဆိုသည်။
ငါးမှုန့်စက်ရုံများအတွက် တနင်္သာရီတိုင်း ငါးလုပ်ငန်း ဦးစီးဌာန၏ ၂ဝ၁ဝ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ ညွှန်ကြားချက်တွင် “သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေး” အချက်များ ပါဝင်သော်လည်း စက်ရုံများအနေနှင့် လိုက်နာခြင်း အားနည်းသည့်အတွက် စက်တင်ဘာလ ၂၆ ရက်တွင် ထပ်မံညွှန်ကြားထားသည်။
“ကျနော်တို့ သွားစစ်ဆေးပြီးပြီ။ စစ်ဆေးပြီးလို့ အားနည်းချက် ရှိလို့ ညွှန်ကြားထားပြီးပြီ။ ထုတ်ပြန်တာက ကြားကောင်းအောင် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့က လစဉ် စစ်ဆေးချက်တွေ၊ အခါအားလျော်စွာ စစ်ဆေးချက်တွေ လုပ်နေပါတယ်” ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က ပြောသည်။
၈၈ ကျောင်းသား ကိုတင်ကိုကိုဦး ကမူ စက်ရုံများအနေနှင့် ဒီဇယ်ဆီဖြင့် လည်ပတ်ပါက တရက်လျှင် ကျပ် ၁ဝ သိန်း အထက် ကုန်ကျမည် ဖြစ်ပြီး ထင်းလောင်စာဖြင့် လည်ပတ်ပါက ကျပ် ၃ သိန်းခွဲခန့်သာ ကုန်ကျသည့်အတွက် စက်ရုံများက ဒဏ်ကြေးဆောင်ကာ ထင်းကိုသာ ဆက်လက် အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။
“တနှစ်လုံးမှာ ထင်းလောင်စာ အသုံးပြုတဲ့ဟာကို ဒဏ်ကြေး သိန်း ၂ဝ လောက်ပဲ ဆောင်ရတယ်။ တနှစ်ကို သူတို့ မြတ် တဲ့ အမြတ်က သိန်း နှစ်ထောင်၊ သုံးထောင်လောက် မြတ်တဲ့နေရာမှာ သိန်း ၂ဝ ဆောင်ရတော့ ဘာကိစ္စရှိလဲ” ဟု ကိုတင်ကိုကိုဦး က ထောက်ပြပြောဆိုသည်။
ထိုသို့ ဒီရေတော ပျက်စီးခြင်းကြောင့် မှီတင်းနေထိုင်ကြသည့် ရေနေသတ္တဝါများ၏ စားကျက်များ ပျက်စီးခြင်းနှင့် ၎င်းတိုင်း၏ ဂေဟစနစ် ပျက်စီးခြင်း၊ ဆက်ရက်၊ မျောက်၊ တောကြောင်၊ ရှဉ့် စသည့် သားငှက်သတ္တဝါများ မျိုးတုန်း သွားနိုင်ခြင်း၊ မြစ်ချောင်း၊ ကမ်းပါးများ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်မည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်း ၁ဝ ခုတွင် သစ်တော ပြုန်းတီးမှုကြောင့် ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ၂ဝ၁ဝ ခုနှစ်ကတည်းက သတိပေး ပြောကြားခဲ့ဖူးသည်။
သစ်တောရေးရာ ဦးစီးဌာန၏ ၂ဝ၁ဝ ခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ်ထိ ၃၅ နှစ်တာ ကာလအတွင်းမြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှု ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု သိရသည်။
မြိတ် ငါးမှုန့်စက်ရုံနှင့် ပတ်သက်ပြီး မြိတ်မြို့နယ် လူငယ်ဆရာဝန်များ ကွန်ယက်ကလည်း “စက်ရုံ၏ အလွန်ဆိုးရွားသော အနံ့အသက်ကြောင့် ပတ်ဝန်းကျင် နေထိုင်သူများ ဆိုးရွားစွာ ကျန်းမာရေး ထိခိုက်လျက် ရှိသည်” ဟု ဆိုပြီး ကျန်းမာရေး ရှုထောင့်မှ သုံးသပ်ကာ အင်္ဂါနေ့တွင်ပင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
၎င်းပြင် ပါကေးငါး (ငါးပေါက်ကလေး) များမှ ထွက်ရှိသည့် Biogenic Amine အနံ့ဆိုးကြောင့် ပါကေးငါး တူးဖော်သည့်ရေလုပ်သားများ နှစ်စဉ် မကြာခဏ သေဆုံးမှုများ ရှိသည်ဟုလည်း ဆိုသည်။
အနံ့ဆိုး ကင်းစင်ပြီး ထင်းလောင်စာ အသုံးမပြုရေး၊ သဘာဝ ပတ်ဝန်းကျင်/လူမှု ပတ်ဝန်းကျင် ကျင့်ဝတ် စည်းကမ်းများ အား လေးစား လိုက်နာ၍ စက်ရုံလုပ်သားများကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ပေးရန်နှင့် အလုပ်သမား အခွင့်အရေး ဥပဒေများကို တိကျစွာ လိုက်နာဆောင်ရွက်ပေးရန်အတွက် မြိတ်ခရိုင် လူထုနှင့် ၈၈ မျိုးဆက်ကျောင်းသားများက စက်ရုံများကို တောင်းဆိုထားသည်။
မြိတ် ငါးမှုန့် စက်ရုံများကို လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ် ဝန်းကျင်တွင် စတင်ဆောက်လုပ်ခဲ့ကာ စက်ရုံမှ ထွက်သည့် ငါးအမှုန့်များကို ကြက်ဘဲစာနှင့် သဘာဝ မြေသြဇာအတွက်သာ အသုံးပြုကြပြီး စံချိန်မမီသည့်အတွက် နိုင်ငံခြားသို့ တင်ပို့ ရောင်းချနိုင်ခြင်း မရှိဟု ဒေသခံများက ပြောသည်။