ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲ ကျော်က ယာဉ်လေး စီးတိုက်မှု ဖြစ်ပွားခဲ့ရာ လူလေးဦး ဒဏ်ရာ အနည်းငယ်စီ ရရှိ၍ ကားနှစ်စီး ပျက်စီးပြီး လမ်းဘေး ဓါတ်တိုင်တတိုင် ပြိုလဲသွားသည်။
ယာဉ်မောင်း ဦးကတုံး မောင်းနှင်လာသော အုတ်ခဲများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်အမှတ် ၁က/၂၆၄၇ သည် ရွှေဂုံတိုင် လမ်းဆုံအနီး ကမ္ဘာအေးဘုရားလမ်းနှင့် ဓမ္မ စေတီလမ်း မီးပွိုင့်အရောက်တွင် ဘရိတ်ပေါက်ကာ လမ်းဘေး ပလက်ဖောင်းပေါ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်လိုက်ခြင်း ဖြစ်သည်ဟု ဆူပါ ဆလွန်း အငှားယာဉ်မောင်းက အခုလို ပြောသည်။
“ကျနော့် ကားက မီးပွိုင့်မိလို့ ရပ်ထားတာ နောက်ကနေ ဆူညံသံတွေ ကြားလိုက်ရတော့ လှည်ကြည့်တာ ကုန်တင်ကား တစီး ပလက်ဖောင်းပေါ် တက်ပြီး တခြမ်းစောင်း မောင်းလာတာ တွေ့လိုက်ရတဲ့ အချိန်မှာပဲ ကားက ဓါတ်တိုင်ကို တိုက်လိုက်တာ ဓါတ်တိုင်က လဲပြီး ကျနော့်ကား စက်ဖုံးပေါ် လာကျတယ် တော်သေး တာပေါ့ဗျာ ဓါတ်တိုင်က ကားခေါင်မိုးပေါ် မကျလို့ ကားနောက်ခန်းမှာလည်း ခရီးသည် နှစ်ယောက် ပါလာသေးတယ်”
အဆိုပါ ယာဉ်တိုက်မှုကြောင့် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့သော တိုယိုတာ ကယ်ဒီနား အငှား ယာဉ်မောင်း ဖြစ်သူ ဦးဝင်းနိုင်က “ကျနော့်ကားကို နောက်ကနေ ဝင်တိုက်လိုက်တော့ ကားက လည်ထွက်သွားတယ်။ တိုက်မိမိချင်း ကျနော့်စိတ်ထင် ကားတောင် ပက်လက်လန်သွားမယ် ထင်ခဲ့တာ။ ကားပေါ်မှာတော့ ခရီးသည် မပါပါဘူး။ ကားက အသစ်စက်စက်ပဲ ရှိသေးတာ ကျနော်က အငှားမောင်းတာပါ။ ပိုင်ရှင်နဲ့တော့ ပြဿနာ တက်တော့မှာပဲဗျာ ဟု ဆိုသည်။” ဟု ညည်းငြူပြောဆိုသည်။
ကုန်တင်ယာဉ်သည် ဓါတ်တိုင်ကို တိုက်ပြီး ဆူပါဆလွန်းကား ၄/က …. အငှားယာဉ်ကို ထပ်မံတိုက်မိပြီး နောက် တိုယိုတာ ကယ်ဒီးနား ၅ ဃ/ .. အငှားယာဉ် နောက်ပိုင်းကို ဝင်တိုက်မိရာ တိုယိုတာကယ်ဒီနား ယာဉ်မှတဆင့်ရှေ့တွင်ရပ်ထားသော တိုယိုတာ ၁/င ကိုယ်ပိုင်ဆလွန်းယာဉ်ကို ဝင်တိုက်မိခြင်း ဖြစ်သည်။
“ကျနော်တို့ ကားက မောင်းလာတာ အရှိန် သိပ်မပြင်းပါဘူး။ မီးပွိုင့်မှာ ဘရိတ်ပေါက်ပြီး ယာဉ်မောင်းလည်း ဂီယာနဲ့ ကားကို အရှိန်ထိန်းဖို့ ကြိုးစားပေမယ့် ကုန်းဆင်း ဖြစ်တဲ့အတွက် ဂီယာထိုးလို့ မရဘူးဖြစ်နေလို့ ကားက ပလက်ဖောင်းပေါ်ကို တက်သွားတာ” ဟု ကုန်တင်ကားပေါ်တွင် ပါလာသော ရွှေပြည်သာ မြို့နယ်နေ အလုပ်သမား ဦးနိုင် က ဆိုသည်။
ကုန်တင်ကားသည် ပလက်ဖောင်းပေါ်တက်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မိချိန်တွင် ယာဉ်ပေါ်တွင် ပါလာသော အလုပ်သမား ခုနှစ်ဦးအနက် လေးဦးမှာ ကြောက်လန့် တကြားဖြင့် ယာဉ်ပေါ်မှ ခုန်ချခဲ့ရာမှ ဒဏ်ရာ အနည်းငယ်စီ ရရှိသွားခြင်း ဖြစ်သည်။
ဘရိတ်ပေါက်သွားသော ကုန်တင်ယာဉ်သည် ရွှေပြည်သာ မြို့နယ်မှ အုတ်နီခဲများကို ဗဟန်းမြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ တင်ဆောင်လာစဉ် အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်အသွားအလာ များပြားသော ရွှေဂုံတိုင်လမ်းဆုံတွင် ဂုံးကျော်တံတား တစင်း တည်ဆောက်ရန် မြို့တော် စည်ပင် သာယာရေး ကော်မတီက Capital Development ကုမ္ပဏီကို တာဝန်ပေးထားပြီး ဖြစ်သော်လည်း ယခု အချိန်အထိမြေစမ်းသပ် တိုင်းတာခြင်း လုပ်ငန်းကိုသာ လုပ်ကိုင်နေကြောင်း သိရှိရသည်။