ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော

ပညာရေး ပြင်ရန် အတွေးအခေါ် ပြင်ဖို့လိုဟု ၈၈ ပြော
by -
မဇ္ဈိမ

မြန်မာနိုင်ငံ၏ နိမ့်ကျနေသော ပညာရေးစနစ်ကို ပြုပြင်ရန်မှာ အတွေးအခေါ် အရေးကြီးပြီး နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်နှင့် ပညာရေး၊ ကျန်းမာရေးစနစ် မည်သည်က ပိုအရေးကြီးသည်ကို ခွဲခြားရန် လိုအပ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ် (အင်းစိန်) တွင် ပြုလုပ်သည့် ဘာသာစုံ၊ တိုင်းရင်းသားစုံ ပါဝင်သော မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်း လဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။ ပညာရေး အသုံးစရိတ် ပိုမိုမသုံးစွဲပါက အကျိုးရောက်မည် မဟုတ်ကြောင်း လည်း ပြောဆိုသွားသည်။

“အတွေးအခေါ် ပြောင်းဖို့က အရေးကြီးဆုံးပါပဲ။ ကျန်တဲ့ ပညာရေးဝန်ထမ်းတွေ အကျင့်ပျက်တာက ကုစားလို့ရတယ်။ လုံလောက်တဲ့ လစာ ပေးလိုက်ရင် ဆရာ/ဆရာမတွေလည်း အရှက်တရား ရှိလာမှာပါ။ သူတို့လည်း တပည့်တွေရဲ့ မေတ္တာနဲ့ ရိုသေမှုကို လိုချင်မှာပါ။ ပညာရေးကို နောက်တန်းပို့ထားတဲ့ အတွေးအခေါ်ကို ရပ်တန့်ဖို့ လိုအပ်ပါတယ်” ဟု ကိုမင်းကိုနိုင် က ပြောသည်။

ဆက်လက်၍ ၎င်းတို့လို အမှောင်ခေတ် ပညာရေးစနစ်ကို ဖြတ်သန်းလာသော သားကောင်တွေအနေနဲ့ ပညာရပ် ဆိုင်ရာများကို ဝင်ရောက် မပြောဆိုနိုင်ပေမယ့် အစမ်းသပ်ခံ ပညာရေးစနစ်ကို နောင်လာမည့် မျိုးဆက်များ မဖြတ်သန်းစေလိုကြောင်း ပြောဆိုသွားသည်။

“ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်က အင်မတန်ကို ဗလောင်းဗလဲများတယ်။ ဝိဇ္ဇာနဲ့ သိပ္ပံကို ခွဲလိုက်၊ တော်ကြာ ပြန်တွဲလိုက်။ အင်္ဂလိပ်စာကို သူငယ်တန်းက သင်ရလိုက်၊ တော်ကြာ ငါးတန်းက စသင်လိုက်။ နောက်တော့ သူငယ်တန်းက ပြန်သင်လိုက်နဲ့ ကလေးတွေကို အစမ်းသပ်ခံတွေလို သဘောထားနေသလို ဖြစ်နေတယ်” ဟု ကိုမင်းကိုနိုင် က ဝေဖန်သွားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းရင်းသား ပညာရေး လုပ်ဆောင်သူများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ပညာရေး အားပေးသူများလည်း ပါဝင်ကြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာရှိ နမ့်ဖက်ကာ ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာ ဦးတူးထောင် က “ကျနော်က အသင်းတော်မှာ သူငယ်တန်း ကလေးတွေကို
ကျောင်းစာ သင်ပေးပါတယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ ကလေးတွေပေါ့။ မြန်မာနိုင်ငံ ပညာရေးစနစ်က အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ သင်ရိုးထဲမှာ ကောင်းတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့ အသုံးချဖို့ အားနည်းတယ်။ ကလေးတွေနဲ့ အဆင်မပြေတဲ့ အပိုင်းတွေလည်း ရှိတယ်။ ကလေးတွေကို ကျနော်တို့ အသင်းတော် က လေးတန်းထိ သင်ပြီးတဲ့အခါ အစိုးရကျောင်းကို တက်နိုင်စေချင်ပါတယ်” ဟု ဆန္ဒပြု ပြောဆိုသွားသည်။

မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်တွင် ပြုလုပ်သော အဆိုပါ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲကို
အောက်တိုဘာလ ၆ ရက်နှင့် ရ ရက်ထိပြုလုပ်ခဲ့ပြီး ပညာရေး လွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲမှု၊ အခြေခံ ပညာရေး ပြုပြင်ပြောင်းလဲမှု၊ တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်းကျောင်း ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေး၊ ဘာသာရေးအဖွဲ့အစည်းများ၏ ပညာရေးလုပ်ငန်းများ၊ တိုင်းရင်သား ဘာသာစကား နှင့်ပညာရေး၊ ပညာဒါန ကျောင်းများ၊ ပုဂ္ဂလိက ပညာရေး ခေါင်းစဉ် ၁၀ ခုဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို လုဗ္မနီ ပညာရေးတက္ကသိုလ်၊ Thinking Classroom Foundation၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ မဲဖလန် ပညာရေးအဖွဲ့၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် ငါးကျမ်းပြန် ကျောင်းတိုက်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း ပညာရေးအဖွဲ့အစည်းများ၊ NLD ပညာရေးကွန်ယက်၊ လူ့ဘောင်သစ် ပညာရေးကွန်ယက်၊ မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ် တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။