စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ

စစ်ဆန့်ကျင်ရေး ဆန္ဒပြလိုသူများ ခွင့်ပြုမိန့်မရ
by -
မဇ္ဈိမ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ အပါအဝင် လွှတ်တော်၊ သမ္မတရုံး၊ ရန်ကုန်နှင့်ကျောက်မဲမြို့ တို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သော စက်တင်ဘာလ ၂၁ ရက်နေ့၌ ဆန္ဒပြုခွင့်ပြုပါရန် ခွင့်ပြုမိန့် လျှောက်ထားရာ ငြင်းပယ်ခံရကြောင်း ဆန္ဒပြလိုသူများထဲမှ တဦးဖြစ်သည့် မခင်စန္ဒာညွန့်ကြည် က ပြောသည်။

“ခွင့်ပြုမိန့် ကျကျ မကျကျ ကျမတို့ ဆက်လှုပ်ရှားသွားမှာပါ” ဟု ဗုဒ္ဓဟူးနေ့က မဇ္ဈိမကို ပြောသည်။

အဆိုပါဆန္ဒပြုပွဲအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ရဲစခန်းသို့ စက်တင်ဘာလ ၁၄ ရက်နေ့က စာတင်ခဲ့သည်။ သို့သော် ဥတ္တရသီရိမြို့နယ်အတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေအရ ထုတ်ထားသော ခွင့်ပြုမိန့်အပြင် မြို့နယ်၏ လိုအပ်ချက်အရ သတ်မှတ်သော စည်းကမ်းချက်များနှင့် ငြိစွန်းနေ၍ဟု ဆိုကာ ထိုရဲစခန်းမှပင် ၁၆ ရက်နေ့က ငြင်းပယ်လိုက်သည်ဟု သိရသည်။ 

ဥတ္တရသီရိမြို့နယ်ရှိ သမ္မတရုံး၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးများရှေ့တွင် တပြိုင်တည်း ဆန္ဒပြခွင့် ငြင်းပယ် ခံရ ပြီးနောက် တနင်္လာနေ့တွင် ထပ်မံ၍ အယူခံ ဝင်ထားကြောင်းလည်း ကချင်ငြိမ်းချမ်းရေးကွန် ယက်မှ ကိုဂျော်ဂွန်း က ပြောသည်။

တနေ့တည်းတွင်ပင် ရန်ကုန်မြို့၌ နံနက် ၁ဝ နာရီတွင် လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၃ နာရီတွင် အင်းလျားကန်ဘောင်၌ လူစုကာ ၄ နာရီတိတိတွင် ၅ မိနစ်ကြာ ဆုတောင်းပြီး ငြိမ်းချမ်းရေး ကျောက်တိုင် စိုက်ထူရန် ဆန္ဒပြလိုသူတို့က စီစဉ်ထားသည်။ 

ရန်ကုန်မြို့တွင် ဆန္ဒပြခွင့်နှင့် ပတ်သက်၍ စမ်းချောင်းရဲစခန်း၊ မင်္ဂလာတောင်ညွန့် ရဲစခန်းနှင့် ကျောက်တံတား ရဲစခန်းတို့တွင် လျှောက်ထားသော်လည်း လျှောက်ထားသည့် ရှစ်မြို့နယ်လုံးအား ခွင့်ပြုမိန့် မပေးနိုင်ကြောင်း အင်္ဂါနေ့တွင် အနောက်ပိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ပြန်ကြားခဲ့သည်။

ဆန္ဒပြမှုက ယာဉ်ကြောပိတ်ဆို့နိုင်ကြောင်းနှင့် သွားမည့် လမ်းကြောင်း ရှည်လျားလွန်း၍ အများပြည်သူအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု အာဏာပိုင်များက အကြောင်းပြခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်လည်း အလားတူ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ဟောပြောပွဲ များ အတွက် ခွင့်ပြုမိန့် လျှောက်ထားခဲ့ရာ လျှောက်ထားသူများ အသက်အရွယ် ငယ်လွန်းသောကြောင့် ခွင့်ပြုမိန့် မပေးကြောင်း မခင်စန္ဒာညွန့်ကြည် က ပြန်လည်ပြောပြသည်။ လျှောက်ထားသူများမှာ အသက် ၂၅ နှစ်ဝန်းကျင်ရှိ လူငယ်များ ဖြစ်ကြသည်။

အခြားမြို့အတွက် တင်ထားသော ခွင့်ပြုမိန့်နှင့် ပတ်သက်၍ ရလဒ် တစုံတရာ မသိရှိရသေးကြောင်း မခင်စန္ဒာ ညွန့်ကြည် က ပြောသည်။

စစ်ရပ်စဲရေး ကြိုးပမ်းလိုသူများက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ ကျောက်မဲ၊ တောင်ကြီး၊ အင်းလေး၊ ဟိုပုန်း၊ ဆီဆိုင်၊ လားရှိုး၊ သံဖြူဇရပ်၊ ပြည်၊ တောင်ငူ၊ သံတောင်ကြီး၊ ရွှေဘို၊ ပေါင်းတည်၊ ပခုက္ကူမြို့များအပြင် ကချင်နှင့် ရှမ်းပြည်နယ်တွင်းရှိ ဒုက္ခသည်စခန်းများတွင် ‘တနိုင်ငံလုံး စစ်ပွဲရပ်’ ဆောင်ပုဒ် နှင့် လမ်းလျှောက်ပွဲများ၊ ဆုတောင်းပွဲများ၊ စွန်လွှတ်ပွဲများ၊ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေး ကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုး ဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည်ဖြစ်သည်။

"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကိုအပြာ ရောင် အသုံးပြုသွားမည် ဖြစ်သည်။