ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်

ကာချုပ်ရုံးရှေ့တွင်ပါ စစ်ရပ်စဲရေး ဆန္ဒပြမည်
by -
မဇ္ဈိမ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ပြည်တွင်းရှိ လူမှုအဖွဲ့စည်း ၁၉ ဖွဲ့က နေပြည်တော်ရှိ သမ္မတရုံး၊ လွှတ်တော် များရှေ့နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့တို့တွင် ဆန္ဒပြုပွဲများ ပြုလုပ်သွားမည်ဟု ကချင်ငြိမ်းချမ်းရေးကွန် ယက်မှ ကိုဂျော်ဂွန်းက မဇ္ဈိမကို ပြောသည်။

“စာတင်ထားတယ်။ ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ကျနော်တို့လုပ်မှာ” ဟု ကိုဂျော်ဂွန်း ကပြောသည်။

ထိုနေရာများအား ရွေးချယ်ဆန္ဒပြရခြင်းနှင့်ပတ်သက်၍လည်း “ကချင်စစ်ရဲ့ နောက်ကွယ်မှာရှိတဲ့ ရပ်တန့်အောင် လုပ်နိုင်တဲ့ တာဝန်ရှိတဲ့သူတွေ၊ ပထမဆုံး နိုင်ငံတော် သမ္မတကို ရည်ရွယ်တယ်။ ပြီးလို့ရှိရင် ဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံမှာဆိုရင် စစ်ပွဲတပွဲဟာ လွှတ်တော်ကနေ ခွင့်ပြုချက်မရရင် တိုက်လို့မရဘူး ဆိုတဲ့အတွက် လွှတ်တော်ရှေ့ကို သွားဖို့ ရည်ရွယ်တာပါ။ ဒုတိယ တချက်ကတော့ ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့ပါ။ ကျနော်တို့က ရန်တိုက်ပေးခြင်း လည်း မဟုတ်ပါဘူး။ စစ်ပွဲတပွဲအတွက် မြန်မာနိုင်ငံမှာ အခရာကျတာက ကာကွယ်ရေး ဦးစီးချုပ်ပါ” ဟု ကိုဂျော်ဂွန်း က ဆိုသည်။

ငြိမ်းချမ်းရေးနေ့တွင် ကချင်ငြိမ်းချမ်းရေးကွန်ယက် နှင့်အတူ အခြားလူမှုရေး အဖွဲ့များ၊ အသင်းဖွဲ့များ၊ ကျောင်းသားများ နှင့် အခြားစိတ်ပါဝင်စားသူ ၂၅ဝ ခန့် ပါဝင်မည်ဟု ဆိုသည်။

ထိုနေ့ မနက်ပိုင်းတွင် ရန်ကုန်မှ ကား ငါးစီးဖြင့် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် သတ်မှတ်နေရာများရှေ့၌ ဆန္ဒပြုကြမည်ဖြစ်သည်။ ညနေ ၄ နာရီတိတိတွင် ရောက်ရာနေရာမှ ငါးမိနစ် ငြိမ်သက်စွာ ဆုတောင်းကြမည်ဟု စီစဉ်ထားကြောင်း သိရသည်။

ဦးတည်ဆန္ဒပြရန် သတ်မှတ်ထားသည့် လွှတ်တော်ဝင်းသည် ဥတ္တရသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်တွင် တည်ရှိ သည်။ ရုံးအမှတ် ၂၄ ဖြစ်သည့် ကာကွယ်ရေးရုံးနှင့် ရုံးအမှတ် ၁၈ ဖြစ်သည့် သမ္မတရုံးတို့သည် ဥတ္တရသီရိမြို့နယ်တွင် တည်ရှိသည်။

ရန်ကုန်မြို့တွင်လည်း ငြိမ်းချမ်းရေးကွန်ယက်မှ ဦးဆောင်ကာ လမ်းလျှောက်ပွဲတခုကို လူ ၃ဝဝ ခန့်ဖြင့် နေပြည်တော်နှင့် တပြိုင်တည်း ပြုလုပ်မှာဖြစ်သည်။ ညနေ ၃ နာရီတွင် အင်ယားကန်ဘောင်တွင် ‘ပန်းရဲ့လမ်း’ လူမှုရေးအဖွဲ့မှတေးဂီတဖြင့် ဖျော်ဖြေမှာဖြစ်ပြီး ညနေပိုင်းတွင် အင်းယားကန်ဘောင်တွင် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူမှာဖြစ်သည်။

“စကျင်ကျောက်လေးတွေနဲ့ ငြိမ်းချမ်းရေး ကျောက်တိုင်ဆောက်ဖို့ရှိတယ်။ သူတို့က ခွင့်မပြုဘူးပြီး ဘူဒိုဇာနဲ့ ထိုးသွားရင်တော့ မတတ်နိုင်ဘူးပေါ့” ဟု ပန်းရဲဲ့လမ်းအဖွဲ့မှ မခင်စန္ဒာညွန့်ကြည်က ပြောသည်။

အဆိုပါ ငြိမ်းချမ်းရေးနေ့ နေပြည်တော်နှင့်ရန်ကုန်ဆန္ဒပြပွဲများတွင် ညနေ ၄ နာရီတိတိအချိန်၌ ရောက်ရာအရပ်မှနေ၍ ငါးမိနစ်ကြာ ငြိမ်သက်စွာ စစ်ရပ်စဲရေး ဆုတောင်းကြမည်လည်း ဖြစ်သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကို ကချင်ငြိမ်ချမ်းရေးကွန်ရက်၊ ငြိမ်းချမ်းရေးကွန်ယက်၊ အဖြူရောင်တွဲလက်များ၊ ကရင်အမျိုးသမီးများ လှုပ်ရှားမှုအဖွဲ့၊ ပန်းရဲ့လမ်း လူမှုရေးအဖွဲ့၊ စိမ်းရောင်စို လူမှုကူညီရေး အဖွဲ့၊ Youth For Social Change Myanmar၊r ၊ နှောင်ကြိုးမဲ့ လူမှုဖွံ့ဖြိုးရေး ကွန်ယက် (မန္တလေး)၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ယက်၊ ကျောက်မဲ လူငယ်ကွန်ယက် (ရှမ်း-မြောက်)၊ Open Network – မွန်၊ ကာတွန်းဆရာ များ အဖွဲ့၊ ရန်ကုန် ဂီတလူငယ်များ၊ ကဗျာဆရာများ သမဂ္ဂ၊ Youth Art Network၊ New Zero Art Space၊ Myanmar Ink Gallery၊ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် စသည့် လူမှုရေးအဖွဲ့ ၁၉ ဖွဲ့က ဦးဆောင် လှုပ်ရှားကြမည်
ဖြစ်သည်။

"Stop Civil War"၊ "တနိုင်ငံလုံး စစ်ပွဲရပ်" စာတန်းများသုံးပြီး လက်မောင်းစီး (သို့မဟုတ်) ခေါင်းစီးကို အပြာရောင် အသုံးပြုသွားမည် ဖြစ်သည်။

“ပြည်တွင်းစစ် ချက်ချင်းရပ်ဖို့ကို အဓိက ရည်ရွယ်ပါတယ်။ အခု ၂၁ ရက်နေ့မှာ လုပ်တဲ့အခါမှာ ထိုးစစ်တွေက ဆိုးရွားနေတယ်ဆိုရင် ထပ်ပြီး အရှိန်မြှင့်ဖို့ တနိုင်ငံလုံး ငြိမ်းချမ်းရေး အင်အားစုကြီးအနေနဲ့ ထပ်လုပ်ဖို့ ရှိပါတယ်။ ဒီဟာက သက်ရောက်မှု မရှိဘူးဆိုရင် ကျမတို့ နောက်ဆုတ်သွားမှာ မဟုတ်ဘူး” ဟု မခင်စန္ဒာညွန့်ကြည် က မဇ္စျိမကို ပြောကြားသွားသည်။

တနိုင်ငံလုံး ထိုးစစ်များကို ရပ်တန့်ရန်အတွက် နိုင်ငံတော်သမ္မတမှ ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁ဝ ရက်နေ့က ညွှန်ကြားချက် ပေးပို့ထားသော်လည်း ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ထို တနှစ်ကျော်ကြာ စစ်ပွဲများကြောင့် အိုးအိမ်များကို စွန့်ခွါထွက်ပြေးနေကြရသည့် စစ်ပြေူဒုက္ခသည်ပေါင်း ရဝ,ဝဝဝ ကျော် ရှိနေသည်။

ရှမ်းပြည်နယ်တွင်လည်း အပစ်အခတ်ရပ်စဲပြီး ရှမ်းလက်နက်ကိုင်တပ်များနှင့် အစိုးရတပ်များအကြား တိုက်ပွဲငယ်များ ၃ဝ ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။