မုံရွာရဲများ ရိုက်၍ ဝက်မှေးရွာသူ နှစ်ဦး ဆေးကုနေရ

မုံရွာရဲများ ရိုက်၍ ဝက်မှေးရွာသူ နှစ်ဦး ဆေးကုနေရ
by -
မဇ္ဈိမ

ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဝတ်ပြုဆုတောင်းနေစဉ် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ပြန်လည် လွတ်မြောက်လာ သည့် အမျိုးသမီးများထဲမှ နှစ်ဦးမှာ ရိုက်နှက်ခံရမှုကြောင့် အိပ်ယာထဲတွင်သာ လဲလျောင်းနေရကြောင်း သိရှိရသည်။

၎င်းတို့အား လွှတ်ပေးချိန်အထိ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို တိတိကျကျ မပြောပြကြောင်းနှင့်ထိန်းသိမ်း ထားချိန်တွင် ရိုက်နှက်ခဲ့ကြောင်း လွတ်လာသူတဦးနှင့် တွေ့ဆုံခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။

“တချို့တဝက်ကို ရိုက်တယ်။ နှိပ်စက်တယ်။ ခါးတွေ ကန်တယ်၊ ခြေထောက်တွေကို ကန်တယ်တယ်ဗျ။ မနက်က လွတ်လာတဲ့ အဖွဲ့၊ အထဲမှာ သုံးယောက် ကျန်တယ်။ မသွဲ့သွဲ့ဝင်း တို့လည်း ရိုက်နှက်ခံရတယ်လို့ ပြောတယ်ဗျ” ဟု မဇ္စျိမကို ပြောသည်။

ဖမ်းဆီးထားစဉ် ရိုက်နှက်ခံရမှုကြောင့် အိပ်ယာထဲတွင် ဝေဒနာဖြင့် လဲလျောင်းနေရသူ အမျိုးသမီးနှစ်ဦးမှာ ဝက်မှေး ရွာမှ မစန်းစန်းလှ နှင့် မမိဆွေ တို့ဖြစ်ကြောင်း အနီးကပ် စောင့်ရှောက်နေသူ မုံရွာမြို့ခံ အမျိုးသမီးတဦးက ပြော သည်။

“ဆေးလည်း ထိုးပေးရပါတယ်။ ဆေးလည်း လိမ်းပေးထားပါတယ်။ သူတို့ကို ရဲတွေက ဆံပင်တွေ ဆွဲတယ်။ ပွေ့ဖက်ပြီး တော့ ပါးစပ်တွေလည်း ပိတ်ပါတယ်။ ယောက်ျားရဲရော၊ ရဲမေတွေကရော လုပ်တယ်လို့ ပြောပါတယ်။ ဆံပင်တွေ ဆွဲပြီး ဂုတ်တွေ၊ ခါးတွေကို ရိုက်တယ်လို့ ပြောပါတယ်” ဟု ဒေါ်နု က မဇ္စျိမကို ပြောသည်။

ဆေးကုသမှု ခံနေသူများအား  လာရောက်ကူညီပေးနေသည့် မြို့ခံ အမျိုးသား တဦးကလည်း “ဒီမှာက အဲဒီလူနာ အိပ်နေတယ်။ သူ ထွက်လာတော့ သူနှိပ်စက်ခံရတဲ့ အကြောင်း ပြောပြတယ်လေ။ ရဲကသူ့ကို ဆွဲသွားတဲ့ အကြောင်း၊ လူမဆန်တဲ့ အကြောင်း ပြောတယ်ဗျ။ မလိုက်ဘူးလို့ ပြောတဲ့အချိန်မှာ အတင်း ဆွဲတင်တာ။ အိပ်ယာထဲမှာ  လဲနေတယ်ဗျ။ လောလောဆယ် နှစ်ယောက်ကတော့ သေချာပေါက် တော်တော်ခံလိုက်ရတယ်ဗျ” ဟု မဇ္စျိမကိုပြောသည်။

လူမမာများအား လာရောက်ကြည့်ရှုပေးသူ မြို့ခံဆရာဝန်တဦး ကမူ စိုးရိမ်ဖွယ်ရာ မရှိကြောင်းပြောသည်ဟု သိရသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် ဆန္ဒပြရာတွင် ပါဝင်ခဲ့ပြီးနောက် စက်တင်္ဘာလ ၁ဝ ရက်နေ့က အဖမ်းခံရသည့် အမျိုးသမီး ၁၂ ဦးအနက် ကိုးဦးအား ညသန်းခေါင်ကျော်တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာဖြင့် လဲလျောင်းနေသူ နှစ်ဦးမှလွဲ၍ အခြား လွတ်မြောက်လာသူ အမျိုးသမီးများနှင့်အတူ အခြား အင်အား ၃၀၀ ခန့်က လည်း အမှတ် ၁ ရဲစခန်းရှေ့တွင် ဆက်လက်ဆန္ဒပြနေကြကြောင်း သိရသည်။

ဒဏ်ရာရသူအမျိုးသမီးများ မြို့မ ဘုန်းကြီးကျောင်းတွင် ကုသမှုခံယူလျက်ရှိစဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းကမူ အာဏာပိုင် များက လာရောက်၍ ဆက်လက် နေထိုင်ခြင်းမပြုရန် ဖိအားပေးခြင်း ခံခဲ့ရသည်။

“ဒီကျေးရွာသူ၊ သားတွေ သူတို့ဘဝ အတိဒုက္ခရောက် ခံစားရတာတွေ၊ လုပ်ပိုင်ခွင့် ရှိလို့ ဖော်ထုတ်တာကို အခုလို ရိုက်တယ်၊ နှိပ်စက်တယ် ဆိုတာတွေကို မဖြစ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။ လက်ပန်တောင်း တောင်ကြီး ပျောက်သွား မှာကလည်း အစားထိုးလို့ မရပါဘူး။ အန်တီတို့က ယူကြံုးမရ ဖြစ်မိပါတယ်” ဟု မုံရွာမြို့ခံ ဒေါ်နုက ပြောကြားသွား သည်။