ပြည်သူ့စစ်အသွင်ပြောင်းရမည့် အစီအစဉ် လက်ခံရေး ဝ' တပ်ဖွဲ့ စဉ်းစား

ပြည်သူ့စစ်အသွင်ပြောင်းရမည့် အစီအစဉ် လက်ခံရေး ဝ' တပ်ဖွဲ့ စဉ်းစား
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အနေဖြင့် ၄င်း၏ လွတ်လပ်သည့် အနေအထားကို စွန့်လွှတ်ကာ မြန်မာစစ်တပ်မှ ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ (PMF) အသွင်သို့ ပြောင်းလဲရေးကို လက်ခံစဉ်းစား ဖွယ်ရာရှိသည်ဟု သတင်းများက ဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ၏ သောကြာနေ့ သတင်းဆောင်းပါး တပုဒ်တွင် ရေးသားထားသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေဖြင့် ၂ဝဝ၉ခုနှစ်က နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းလဲရေး အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် ကဲ့သို့ပင် အခြား အဓိကတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကလည်း ပယ်ချခဲ့ကြသည်။

မြန်မာစစ်အရာရှိများ ဦးစီးသည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့်  ပြည့်သူ့စစ်တပ်ဖွဲ့ (PMF) တို့ မတူညီသည့်အချက်မှာ (PMF) ကို ဒေသခံ အရာရှိများက ဦးစီးအမိန့်ပေးခြင်း ဖြစ်သည်။ နယ်ခြား စောင့်တပ်ဖွဲ့ (BGF) နှင့် ပြည့်သူ့စစ်တပ်ဖွဲ့ (PMF) အား မြန်မာစစ်တပ်၏ BGF နှင့် PMF ဦးစီးဌာနများက စီမံခန့်ခွဲ ညွှန်ကြားမည် ဖြစ်သည်။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တွင် ခန့်မှန်းခြေ တပ်သား ၃ဝ,ဝဝဝ ခန့်နှင့် အရန်တပ်သား ၁ဝ,ဝဝဝခန့် ရှိသည်ဟု ခန့်မှန်းကြသည််။

“ကျနော်တို့ အဲဒါကို ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ ခုထိ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေး ပါဘူး” ဟု အရာရှိတဦး၏ စကားကို ကိုးကား၍ သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့သည်။

အကယ်၍ ထိုပြောင်းလဲမှှုမျိုး ဖြစ်ပေါ်လာပါက ပြောင်းလဲမှှုသည် ဝ လက်နက်ကိုင် အင်အားစု၏ လှှုပ်ရှားမှှုနှင့် နယ်မြေ ထိန်းချုပ်ရေး အပေါ်တို့တွင် အကျိုးသက်ရောက်မည့်ပုံ မရှိသော်လည်း လက်ရှိအစိုးရ အတွက် အကျိုးကျေးဇူး ရှိလိမ့်မည်ဟု လေ့လာသူများက ဆိုကြသည်။ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် ပါတီအား မည်ကဲ့သို့ အကျိုးရှိစေမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

ဝ တပ်ဖွဲ့အား မြန်မာနိုင်ငံတွင် စွမ်းအားအပြည့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အဖြစ် သိခဲ့ကြသည်။ ထိုအဖွဲ့ အနေဖြင့် ဘိန်းဖြူနှင့် တရားမဝင် စိတ်ကြွဆေးပြား ရောင်းဝယ်ရေးတို့တွင် အဓိက လှုပ်ရှားသူ ဖြစ်နေခဲ့ပြီး တရုတ်၊ ထိုင်းနှင့် အချို့နေရာများသို့ မူးယစ်ဆေးဝါးများ တင်ပို့ခြင်းနှင့် ပတ်သတ်၍လည်း တာဝန်ရှိသည်ဟု သိရသည်။

အမေရိကန် အစိုးရက UWSA ဝ တပ််ဖွဲ့အား မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်နေသော အဖွဲ့အစည်းအဖြစ် ၂ဝဝ၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။

ဝတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့အား လက်နက်စွန့်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ခိုင်းသည့် ယခင် စစ်အစိုးရ၏
တောင်းဆိုချက်ကို အန်တုခဲ့ပြီး ထိုအစား ထိုနယ်မြေအား ၄င်းတို့ ထိန်းချုပ်ရာ အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ဒေသတခု အဖြစ် ကြေညာပေးရန် တောင်းဆိုခဲ့သည်။

၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေ အရ မြို့နယ်ခြောက်မြို့နယ်အား ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပေးထား သည်။

Jane’s Information Group ၏ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တခုတွင် ဝတပ်ဖွဲ့ အနေဖြင့် ၎င်းတို့၏ ဝင်ငွေရရှိရေးကို မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ခြင်းကို မှီခိုနေရာမှ လက်နက် ထုတ်လုပ်ခြင်းဆီသို့ ပြောင်းလဲလာပြီး အေကေ ၄၇ ကဲ့သို့သော အသေးစား လက်နက်ထုတ်လုပ်မှုမျိုးကို လုပ်ကိုင်လာကြောင်း ဖော်ပြ ထားသည်။

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှာ ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ၏ စစ်ဘက် ဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ၁၉၈၉ ခုနှစ်တွင် ပြိုကွဲသွားစဉ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်၏ လုပ်ငန်းခွင် ဘာသာစကားမှာ တရုတ် ဘာသာစကား ဖြစ်သည်။ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA အနေဖြင့် ၄င်း၏ နယ်မြေအား ဝပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေး ဒေသ အဖြစ် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီတွင် ကြေညာခဲ့သည်။