တပ်သားလိုအပ်ချက်ကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဟာ ဒီနေ့ ၂၀၂၅၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့ဆိုရင် တစ်နှစ်တိတိ ပြည့်သွားပါပြီ။
စစ်တပ်ဟာ ဒီတစ်နှစ်အတွင်း ပြည်သူ့စစ်မှုထမ်းကို အပတ်စဉ် ၉ အထိ ပြုလုပ်ထားပြီး နောက်အပတ်စဉ်တွေထပ်ခေါ်ဖို့လည်း စီစဉ်နေပါတယ်။ စစ်မှုထမ်းရမယ့်အရွယ်တွေဟာ အသက် ၁၈ ကနေ အမျိုးသမီးဆိုရင် ၂၇ နှစ်၊ အမျိုးသားဆိုရင် ၃၅ နှစ် အထိပါ။
စစ်တပ်ရဲ့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက အပတ်စဉ်တစ်ခုကို အမျိုးသား ၅,၀၀၀ ဝန်းကျင်ခေါ်မယ်လို့ ပြောထားဖူးပါတယ်။
ဒါပေမဲ့ BACS ရဲ့ ကောက်ယူထားချက်အရ စစ်ကောင်စီဟာ အပတ်စဉ် ၁ မှာတုန်းကသာ အင်အား ၅,၀၀၀ လောက် စုဆောင်းနိုင်ခဲ့ပေမဲ့ အပတ်စဉ် ၂ မှာတော့ ၄,၀၀၀ လောက်ပဲ စုဆောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တဲ့နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံကနေ ပြည်ပကို လူငယ်တွေ အလုံးအရင်းလိုက် နည်းမျိုးစုံနဲ့ထွက်ခွာမှုဟာ အာဏာသိမ်းပြီးတဲ့နောက် ဒုတိယအကြိမ်အဖြစ် ပြန်မြင့်တက်လာတာဟာ အခုအချိန်ထိပါ။
အဲဒီလို ပြည်ပကို လူငယ်တွေအများအပြား ထွက်ခွာနေတဲ့အတွက် စစ်ကောင်စီဟာလူသစ်စုဆောင်းဖို့ ခက်ခဲလာပြီး အဓမ္မလူသစ်စုဆောင်းမှု (ပေါ်တာဆွဲမှု-အရပ်အခေါ် ) တွေကို နိုင်ငံတဝန်းမှာ ပြုလုပ်နေပါတယ်။ တစ်နှစ်အတွင်း အဓမ္မလူသစ်စုခံရတဲ့အရေအတွက်ကိုတော့ တိတိကျကျ မသိရသေးပါဘူး။
အဲဒီလို့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီး အဓမ္မလူသစ်စုဆောင်းနေတဲ့အတွက် စစ်ကောင်စီ ထိန်းချုပ်နယ်မြေက လူငယ်တွေရှိတဲ့ မိသားစုတွေဟာ လက်ရှိအချိန်မှာ စိုးရိမ်မှုတွေနဲ့ နေထိုင်နေရပါတယ်။
စစ်ကောင်စီရဲ့ အဲဒီ စစ်မှုထမ်းဥပဒေ အသက်စဝင်ခဲ့တဲ့ တစ်နှစ်တာအတွင်းမှာလည်း သေကွဲကွဲခဲ့ရတဲ့ မိသားစုဝင်တွေ အများအပြားရှိခဲ့သလို ရှင်ကွဲကွဲနေကြတဲ့ မိသားစုဝင်တွေကလည်း အခုအချိန်ထိ အများအပြားပါ။
စစ်ကောင်စီဟာ လူသစ်တွေ ရှေ့တန်းမထွက်ရဘူးလို့ ပြောဆိုခဲ့ဖူးပေမဲ့ လက်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ စုဆောင်းထားတဲ့ လူသစ်တွေကို ထုတ်သုံးနေပါတယ်။
ဒါကြောင့် လူသစ်စုဆောင်းခံရသူတွေထဲက တချို့ဟာ ရှေ့တန်းမှာ သေဆုံးသွားသလို သုံ့ပန်းဖြစ်သွားတဲ့သူတွေသာမက တော်လှန်ရေးအဖွဲ့တွေဆီမှာ တာဝန်ပြန်ထမ်းဆောင်နေကြတဲ့သူတွေလည်း ရှိနေတာပါ။
ဒါ့အပြင် ပြည်ပနိုင်ငံတွေကို တရားမဝင် သွားရောက်တဲ့အခါမှာလည်း မကြာခဏဆိုသလို ဖမ်းဆီးခံရမှုတွေ ရှိနေတာပါ။
တိုင်းပြည်ထဲက လူငယ်တွေ အဲဒီလို သေဆုံး၊ ထွက်ပြေးနေတဲ့အချိန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၅ ဇန်နဝါရီလထဲမှာတော့ စစ်မှုထမ်းနည်းဥပဒေကို စစ်ကောင်စီက ထပ်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ နည်းဥပဒေမှာဆိုရင်တော့ စစ်မှုထမ်းပြီးတဲ့သူတွေဟာလည်း လိုအပ်ရင်ဆက်ပြီး စစ်မှုထမ်းရမယ်ဆိုတဲ့ ပြဌာန်းချက်ကို စစ်ကောင်စီက ထည့်သွင်းပြဌာန်းခဲ့ပါတယ်။
နည်းဥပဒေမပြဌာန်းခင် ဒီဇင်ဘာလတုန်းကတော့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ပြောင်းလဲခန့်အပ်ခဲ့ပါသေးတယ်။
ဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ မောင်မောင်အေးဟာ စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းပြီးတဲ့နောက်မှာတော့ စစ်သားစုဆောင်းရေးဟာ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။
အဲဒီလိုပြောဆိုအပြီး ရက်ပိုင်းအကြာ ဇန်နဝါရီလကုန်ပိုင်းမှာတော့ စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ကိုပါ စစ်တပ်က ထပ်ပြီး ပိတ်ဆို့လိုက်ပါတယ်။
ဒါ့အပြင် အောက်ခြေမှာလည်း ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ အကြုံးဝင်တဲ့ အမျိုးသားတွေရဲ့ စာရင်းကိုလိုက်လံပြုစုနေရုံသာမက လူငယ်အမျိုးသမီးတွေစာရင်းကိုလည်း လိုက်ကောက်နေပါပြီ။