ထိုင်းမြန်မာနယ်စပ်က “ကျားဖြန့်” တို့ ကံကြမ္မာ ဘယ်လဲ

ထိုင်းမြန်မာနယ်စပ်က “ကျားဖြန့်” တို့ ကံကြမ္မာ ဘယ်လဲ

မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ - မဲဆောက်ကို အခြေပြုနေတဲ့ “ကျားဖြန့်ကိစ္စ” တွေနဲ့ စပ်လျဉ်းပြီး စိုးရိမ်မှုနဲ့ စဉ်းစားမိတာတွေကို တင်ပြပါရစေ။

ဖြစ်ရပ်တစ်ခု၊ သတင်းတစ်ခုပေါ်လာတာနဲ့ အဲဒီဖြစ်ရပ်ကို နှီးနွယ်ပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုသလို မွမ်းမံခြယ်သ ပုံဖော်ထားတဲ့ နောက်ဆက်တွဲတွေ “သတင်း” ဆိုတာတွေ အလွန်အကျွံ ဖောင်းပွနေတာပါ။ အထူးသဖြင့် ပလူပျံသလို ဖြစ်နေတာက ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ဖြစ်ပါတယ်။

ပေါ်လာတဲ့ သတင်းတွေရဲ့ ရည်ရွယ်ချက်တွေကို ဆန်းစစ်လိုက်ရင် ထိုင်းနိုင်ငံစီးပွားရေး (ခရီးသွားလုပ်ငန်း) အတွက် စိုးရိမ်နေတာ၊ ကျားဖြန့်သားကောင်အဖြစ် ကျရောက်နေရတဲ့သူတွေအတွက် စိုးရိမ်နေတာ၊ ပုံမှန် ကူးသန်းသွားလာနေတဲ့ ထိုင်း-မြန်မာ ကုန်သွယ်မှုကို ထိခိုက်လာမှာကို စိုးရိမ်နေတာ၊ ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိ အခြေချနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နေထိုင်ရေးအတွက် စိုးရိမ်နေတာ၊ ဖြစ်လာနိုင်စရာရှိတဲ့ ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက် နယ်စပ်မှာ ပိုမိုများပြားလာမှာကို စိုးနေတာ စသဖြင့် စိုးရိမ်မှုအထွေထွေကိုလည်း တွေ့ရမှာပါ။

ထို့အတူ အတိုင်းအတာအမျိုးမျိုးနဲ့ အပြန်အလှန် လက်ညှိုးထိုး အပြစ်ပုံချနေတာတွေ၊ သွေးထိုးရန်တိုက်ပေး နေတာတွေကိုလည်း အဲဒီ “သတင်း” ဆိုတာတွေထဲမှာ တွေ့နိုင်ပါတယ်။ တစ်ဆက်ထဲမှာ ထိုင်းနိုင်ငံရဲ့ အကျင့်ပျက် လာဘ်စားမှု၊ (စကစ) စစ်အုပ်စုရဲ့ အကျင့်ပျက်လာဘ်စားမှု၊ DKBA - BGF/KNA အစရှိတဲ့ “ကရင်” နာမည်ပါတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ထိပ်ပိုင်းမိသားစုဝင်များက ဖြန့်ခွဲချုပ်ကိုင်ထားတဲ့ ဥစ္စာဓနပိုင်ဆိုင်မှုတွေကိုလည်း ဇာတ်လမ်း ဇာတ်ကွက်မျိုးစုံနဲ့ ဖွင့်ထုတ်ဖော်ပြနေပါတယ်။

ဒီ “ကျားဖြန့်” ဆိုတဲ့ လောင်းကစားရုံကြီးတွေဟာ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်မှာ ပုန်းလျှိုးကွယ်လျှိုး မဟုတ်ပါဘူး။ မနေ့တနေ့ကမှ ရုတ်တရက် ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ DKBA - BGF/KNA တို့ရဲ့ အစွမ်းအစလောက်နဲ့ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်တယ်ဆိုတာလိုပဲ မြန်မာ၊ ထိုင်း နိုင်ငံတို့ရဲ့ အကျင့်ပျက်လာဘ်စားမှုတွေ အတိုင်းအတာကြီးကြီးမားမားနဲ့ ပတ်သက်ဆက်နွယ်နေတာကို မြင်နိုင်ပါတယ်။

ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းကြတော့မယ်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မြန်မာ၊ ထိုင်း၊ တရုတ်တို့ အဓိက ပါဝင်ဖြေရှင်းကြရမှာပါ။ ကိုင်တွယ်ရမယ့် ပစ်မှတ်အနေနဲ့ဆိုရင် DKBA - BGF/KNA တို့ကို အဓိက ထိန်းချုပ်ကြရမှာပါ။ လောင်းကစားရုံတွေလို့ အများစုက သိရှိနားလည်ထားကြတဲ့ အဆောက်အအုံတွေဟာ DKBA - BGF/KNA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ တည်ရှိနေတာပါ။

ပြီးတော့ ဒီကိစ္စက ရှေ့မှာ နမူနာရှိပြီးသားပါ။ မြန်မာပြည် အရှေ့မြောက်ဘက်က မြန်မာ-တရုတ် နယ်စပ်မှာ “ကျားဖြန့်ကိစ္စ” ကို ကိုင်တွယ်လိုက်တာဟာ (စကစ) စစ်အုပ်စုရဲ့ (ရမခ) စစ်တိုင်းကြီး၊ မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်ပေါက်ဝတွေ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အထင်ကရ မြို့တွေ၊ ရွာတွေ၊ စစ်အခြေစိုက်စခန်းတွေဟာ (စကစ) စစ်အုပ်စု ဆန့်ကျင်ရေးအုပ်စုအသီးသီးရဲ့ ထိန်းချုပ်မှုအောက်ကို မရှုမလှ ကျရောက်သွားပါတယ်။

(စကစ) စစ်အုပ်စုအနေနဲ့ သူတို့ခန့်အပ်ထားတဲ့ ကိုးကန့်ဒေသအုပ်ချုပ်ရေးထဲက ကွင်းဆက်ကျတဲ့ ခေါင်းဆောင်တချို့နဲ့ မိသားစုဝင်တွေကို ကျားဖြန့်ကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်နေမှုတွေကြောင့် ဖမ်းဆီးပြီး တရုတ်အစိုးရလက်ထဲ လွှဲအပ်ပေးလိုက်ရပါတယ်။ တချို့က သူ့ကိုယ်သူ သတ်သေသွားပါတယ်။ အဲဒီလို ဖမ်းဆီးပို့ဆောင်ပေးလိုက်ရတဲ့ သို့တည်းမဟုတ် တရုတ်အစိုးရက လက်ရဖမ်းဆီးထားတဲ့သူတွေကို အခုအခါမှာ တရုတ်အစိုးရက ရုံးတင်တရားစွဲနေပြီလို့လည်း သိထားရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်နဲ့ တရုတ်-မြန်မာ နယ်စပ် အခြေအနေချင်း၊ ပါဝင်ပတ်သက်နေမှုတွေချင်း၊ ပါဝင်ပတ်သက်နေသူတွေ အဖွဲ့အစည်းတွေရဲ့ နောက်ခံအကြောင်းအချက်တွေချင်း မတူညီပါဘူး။ ဒါကြောင့် ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ တစ်ပုံစံထဲတော့ ဖြစ်လာစရာ မရှိနိုင်ပါဘူး။ တရုတ်အစိုးရဟာ တရုတ်-မြန်မာ နယ်စပ်က အဖွဲ့အစည်းတွေအပေါ် မှာ အတိုင်းအတာတစ်ခုအထိ ဩဇာညောင်းတာတော့ သိသာထင်ရှားပါတယ်။ (စကစ) စစ်အုပ်စုကိုယ်တိုင်လည်း လွန်ဆန်နိုင်ပုံ မရပါဘူး။ တရုတ်ဘက်က နာမည်နဲ့တကွ ဝရမ်းထုတ်ပြီး တောင်းတာဖြစ်ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ (ဟောင်း)၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကိုးကန့်မဲဆန္ဒနယ် အမှတ် (၂) ကနေ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ခံခဲ့ရဖူးတဲ့ ကြံ့ဖွံ့ပါတီဝင် “ပယ်စောက်ချိန်” ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးရသလို ထိုင်း-မြန်မာနယ်စပ်က (စကစ) စစ်အုပ်စုရဲ့ BGF “ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးစောချစ်သူ” ကို လွှဲပေးဖို့ (စကစ) စစ်အုပ်စုအတွက် လွယ်ကူနိုင်ပါ့မလား။ ဒါကတော့ (စကစ) စစ်အုပ်စုအတွက် မသေးလှတဲ့ စိန်ခေါ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။

ထိုင်းအစိုးရနဲ့ တရုတ်အစိုးရ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်မယ်ဆိုရင်လည်း ထိုင်းအစိုးရဟာ ထိုင်းအကျိုးစီးပွားရှုထောင့်ကိုပဲ အဓိက အလေးထားကြည့်မှာပါ။ နမူနာအားဖြင့် ကျားဖြန့်တွေဆီမှာ အဖမ်းခံထားရဲ့တရုတ်သရုပ်ဆောင်ကို ကယ်ထုတ်သွားပုံဟာ ဘယ်လောက် အကွက်စေ့ပါသလဲ။ နယ်စပ်မျဉ်း ဟိုဘက်ဒီဘက်မှာ သူတို့ အတိုင်းအတာတစ်ခုအထိ မီးသေတာကို မြင်လိုက်ကြရပါတယ်။ မလိုအပ်တဲ့ အနည်တွေ၊ အမှုန်တွေ မထစေဘဲ လိုချင်တဲ့ ရေတစ်ခွက်ပဲ ခပ်ပြသွားတယ် မဟုတ်ပါလား။

မူးယစ်ဆေးဝါးပြဿနာပဲဖြစ်ဖြစ်၊ မှောင်ခိုစီးပွားရေးပဲဖြစ်ဖြစ်၊ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းလောင်းကစား (ကျားဖြန့်) ပဲဖြစ်ဖြစ် အုပ်စိုးသူ စစ်အုပ်စုအဆက်ဆက်နဲ့ ထဲထဲဝင်ဝင် ဆက်စပ်နေတာပါ။ ထိုနည်းတူပါပဲ “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” ဆိုသလို ရှိတတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ပတ်သက်ဆက်စပ်နေတတ်တဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားကြရမှာပါ။

ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပြဿနာကြီးဟာ ကျနော်တို့ကို တကွေ့မဟုတ်တကွေ့မှာ “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” စတဲ့ မူမမှန်တဲ့လုပ်ငန်းတွေနဲ့ နီးစပ်ဆက်စပ်မိတတ်စမြဲပါ။ ထို့အပြင် ဆင်းရဲမွဲတေမှု၊ ပညာရေးနဲ့ စာရိတ္တနိမ့်ကျမှုတွေကလည်း “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” ဆိုတဲ့ နွံထဲ ကျနော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေဟာ မရှောင်နိုင်၊ မတိမ်းနိုင်ဘဲ တိုးဝင်နစ်ကျွံမိတတ်စေတယ် မဟုတ်ပါလား။

ဒါ့အပြင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အတွင်းပိုင်းထဲက ဂိုဏ်းကွဲမှုအမျိုးမျိုးကနေ ပေါက်ကွဲပေါ်ထွက်လာတဲ့ ပဲ့ထွက်/ခွဲထွက်သွားတဲ့ အစုအဖွဲ့တွေဟာ အဓိကဘုံရန်သူ စစ်အုပ်စုနဲ့ ပေါင်းဖက်သွားကြပါတယ်။ စစ်အုပ်စုကလည်း ခါးပိုက်ဆောင်တပ်သဖွယ် နေရာပေးထားပြီး မွေးမြူထားပါတယ်။ ကနဦးအစမှာတော့ ဘာသာရေးတွေ၊ ဒီမိုကရေစီအရေးတွေ၊ လူမျိုးရေးတွေ ဗန်းပြခဲ့ကြတာပါပဲ။ နောက်ဆုံးမှာတော့ မူလက ကျန်ကောင်းကျန်ရာ ကပ်ကပ်သပ်သပ် ကျန်နေသေးတဲ့ ရှိစုမဲ့စု ဟန်ပြ “နိုင်ငံရေး - လူမျိုးရေး ဦးတည်ချက်” ဆိုတာတွေဟာ ဖြူခါ ပြာခါကျပြီး ပျောက်ဆုံးသွားပါတော့တယ်။ တကယ့်ဘဝလက်တွေ့မှာတော့ “အမျိုးသားရေးအမည်ခံထားတဲ့ လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းအဖြစ်သို့” တဖြည်းဖြည်းနဲ့ သက်ဆင်းကျရောက်သွားရပါတော့တယ်။

မဟာဗမာလူမျိုးကြီးရန်သူလို့ဆိုတဲ့ အုပ်စိုးသူအဆက်ဆက်ကို ခုခံတော်လှန်ကြရင်း (မိမိတို့အချင်းချင်းအကြားမှာ နိုင်ငံရေး - ဘာသာရေး - လူမျိုးရေး - ဂိုဏ်းအုပ်စု အကျိုးစီးပွား အကြောင်းခံတစ်ခုခုကို အကြောင်းပြုပြီး ကွဲအက်ရာကနေ ခွဲထွက်ကြပြီး သို့တည်းမဟုတ် သပ်လျှိုဖြိုခွဲတာခံရပြီး) ရန်သူ/အုပ်စိုးသူ (စကစ) စစ်အုပ်စုနဲ့ ပေါင်းဖက်သွားကြသူတွေဟာ စစ်အုပ်စုက ဓားစားခံအဖြစ် အချိန်မရွေး ထိုးကျွေးတာခံရနိုင်တဲ့ ဒုစရိုက်သားကောင်ဘဝသို့ တစတစ သက်ဆင်းကျရောက်သွားရတဲ့အဖြစ်ဟာ ဘယ်လောက်များ နာကျည်းခံပြင်းစရာ ကောင်းလိုက်ပါသလဲ။ ဒါတွေကို မနာကျည်းတတ်ဘူး။ နာကျည်းရကောင်းမှန်း မသိဘူးဆိုရင်တော့ အင်မတန် နုံနဲ့တဲ့ မိုက်မဲမှုနဲ့ ညံ့ဖျင်းမှုပါပဲ။

ယူတတ်မယ်ဆိုရင် “ဘိန်းဘုရင်ခွန်ဆာ” ဆီက “ပယ်စောက်ချိန်” တို့ဆီက ပူပူနွေးနွေး သင်ခန်းစာတွေ ရယူနိုင်ပါတယ်။ “ခွန်ဆာ” ဟာ တချိန်ကဆို လျှမ်းလျှမ်းတောက်ပါ။ ဗိုလ်နေဝင်းစစ်အုပ်စုက မွေးထားတဲ့ ကာကွယ်ရေးခေါင်းဆောင်ပါ။ နောက်တော့ “ဘိန်းဘုရင်”၊ အဲဒီနောက် သူ့ကိုယ်သူ “ရှမ်းသမ္မတ” လို့တောင် ကြေညာခဲ့တယ် မဟုတ်လား။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် အသုံးတော်ခံခဲ့ပြီး နောက်ဆုံးတော့ (နဝတ-နအဖ) စစ်အုပ်စုက စီစဉ်ပေးတဲ့ “လွတ် - ငြိမ်း - ချမ်းသာခွင့်” နဲ့ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားတယ် မဟုတ်လား။ ခွန်ဆာကို အမေရိကန်က တောင်းပေမယ့် စစ်အုပ်စုက မပေးပါဘူး။ တရုတ်ကတော့ သူနဲ့မဆိုင်လို့ မတောင်းဘူး ထင်ပါတယ်။ “ပယ်စောက်ချိန် တို့အုပ်စု” ကတော့ ခွန်ဆာလို စစ်အုပ်စုဆီကနေ “အခွင့်ထူး” မရကြပါဘူး။ ခေတ်ချင်း မတူတာကြောင့်လား အဖြစ်ချင်း မတူတာကြောင့်လား - ဗိုလ်အောင်မင်းပြောဖူးတဲ့စကားလို “တရုတ်ကြောက်ရလို့လား” မသိပါဘူး။

ဒီပြဿနာဟာ အဖွဲ့အစည်းအရ “DKBA-BGF/KNA” ဖြစ်တယ်၊ လူပုဂ္ဂိုလ်အရ “စောချစ်သူ” ဖြစ်တယ်လို့ အပေါ်ယံလောက်ပဲ ကြည့်မြင်ပြီး ဖြေရှင်းလို့ မဖြစ်ပါဘူး။ ဒီပြဿနာစီးဆင်းလာတဲ့ မူလဇစ်မြစ်ဟာ ရှည်ကြာလွန်းလှတဲ့ ပြည်တွင်းစစ်ကြီးဖြစ်တယ်။ ဒီပြဿနာတွေ (မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား စတဲ့) ဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးရဲ့ တိုက်ရိုက်ဆင့်ပွား ပြဿနာတွေလည်းဖြစ်တယ်လို့ လေးလေးနက်နက် သဘောထားပြီး ရှုမြင်ကြရမှာပါ။ ဘက်စုံကနေ ဖြေရှင်းကြရမှာပါ။

ဒါကြောင့် ရှည်ကြာလှပြီဖြစ်တဲ့ ပြည်တွင်းစစ် ပြဿနာကြီးကို အခြေခံကျကျ မဖြေရှင်းနိုင်ဘဲ ပြည်တွင်းစစ်ကြီးရဲ့ ဘေးထွက်ဆင့်ပွား ပြဿနာဆိုးတွေဖြစ်တဲ့ “မူးယစ်ဆေးဝါး၊ မှောင်ခိုစီးပွားရေး၊ အွန်လိုင်းလောင်းကစား” စတဲ့ ပြဿနာတွေကို ပြီးပြတ်သွားအောင် ကျနော်တို့ ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အိတ်ပေါက်နဲ့ ဖားကောက်သလို တဝဲလည်လည် ဖြစ်နေမှာပါ။

ကိုယ်ခံအား ချိနဲ့နေသူ၊ အာဟာရ ချို့တဲ့နေသူကို ပြင်ပကနေ ရောဂါဘယမျိုးစုံ ကူးစက်ဖို့ လွယ်ကူသလိုပါပဲ ပြည်တွင်းစစ်ကြီး ရှည်ကြာလွန်းတဲ့၊ စီးပွားရေး - ပညာရေး နိမ့်ကျလွန်းတဲ့ ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူတွေထံ ဆိုးသွမ်းညစ်ပတ်တဲ့၊ နိုင်ငံရေးအရ၊ လူမျိုးအရ ဂုဏ်သိက္ခာကျဆင်းကင်းမဲ့စေတဲ့ ပြဿနာမျိုးစုံ အလွယ်တကူ ပူးကပ်ဝင်ရောက်လာဖို့ တံခါးဖွင့်ပြီး လက်ယပ်ခေါ်နေသလို ဖြစ်နေပါတယ်။

နောက်ဆုံးတော့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရမယ်၊ “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင် ဖျက်သိမ်းပစ်ရမယ် ဆိုတဲ့နေရာမှာ ကျနော့်အတွေးဟာ အဆုံးသတ်သွားပါတယ်။

“စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်အစိုးရဆိုတဲ့ (စစ် ၃ စစ်) နဲ့ ၂၀၀၈ အခြေခံဥပဒေအပါအဝင် “မူးယစ်ဆေးဝါး - မှောင်ခိုစီးပွားရေး - အွန်လိုင်းလောင်းကစားအထိ ဒုစရိုက်မျိုးစုံ” ဟာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ကြီးထဲကနေ ပေါက်ဖွားလာနေတာပဲ ဖြစ်ပါတယ်။

Most read this week

January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ပင်လိုက်သည့် အိန္ဒိယ - မြန်မာ ကုန်သွယ်ရေးအမှတ် (၂) ဂိတ်တံတားပေါ်တွင် စစ်ဆေးနေသည့် အာသံရိုင်ဖယ်စစ်သားများနှင့် ဖြတ်သန်းသွားလာမည့် ဒေသခံများ။ (ဓါတ်ပုံ – ပေးပို့။)
January 15, 2025
အိန္ဒိယနဲ့ မြန်မာ နယ်စပ်ကို ဆက်သွယ်ထားတဲ့ အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဟာ အရင်က နှစ်နိုင်ငံကလူတွေ...
January 14, 2025
သဲကျောက်မြေအိတ်များဖြင့် အထပ်ထပ်ကာရံထားသော မယ်ဆိုင်မြစ် ကမ်းပါးမှ မြန်မာဘက်ခြမ်းကို...