မြန်မာ-တရုတ် နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို စစ်ကောင်စီနှင့် MNDAA တို့ အပစ်ရပ်စဲကြောင်း ကြေညာပြီးနောက် တရုတ်အာဏာပိုင်များမှ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီနှင့် တရားဝင် အပစ်အခတ်ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ပြီးနောက် (၇) လနီးပါး ပိတ်ထားခဲ့သည့် မြန်မာ-တရုတ် နယ်စပ်ရှိ MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်များမှ ယမန်နေ့ (ဇန်နဝါရီ ၂၀ ရက်) တွင် စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မနေ့က စပြီးတော့ ပန်ဆိုင်း-ဝမ်တိန်က တံတားဖွင့်ထားပြီ။ သူတို့ တရုတ်လို ကြေညာစာထဲမှာတော့ အချိန် (၁) လလို့ပဲ ရေးထားတယ်။ ဟင်းရွက်လို စားသောက်ကုန်တွေ တနိုင်တဆွဲ သယ်လာလို့ရပြီ။ ကိုးကန့်ဘက်ကတော့ ဘာတံဆိပ်တုံးမှ ထုပေးတာမရှိဘူး၊ စာအုပ်နဲ့ လူဝင်/ထွက်စာရင်း မှတ်တာမျိုးပဲရှိတယ်” ဟု ပန်ဆိုင်းဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
MNDAA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း စတင်စဉ် ၂၀၂၄ ဇွန်လကုန်ကတည်းက တရုတ်အာဏာပိုင်များက (၇) လနီးပါးအကြာ ပိတ်ထားခဲ့ရာမှ လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်းဂိတ်၊ ချင်းရွှေဟော်နှင့် ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ဂိတ်တို့ကို ဇန်နဝါရီ (၁၉) ရက်မှ စတင်ပြီး လူနှင့် တပိုင်တနိုင် ကုန်ဖြတ်သန်းခွင့်ကို ခွင့်ပြုလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
“တရုတ်ဘက်ကလူပဲ ဝင်/ထွက်လို့ ရသေးတာ၊ ဗမာပြည်က လူတွေ ဝင်/ထွက်လို့ မရသေးဘူး။ တရုတ်ဘက်မှာရှိတဲ့ အမျိုးတွေ ပစ္စည်းသယ်လာပေးမှ ဒီဘက်ကလူ သွားယူလို့ရတာ။ တစ်လလို့သာပြောတာ ရုတ်တရက် ပိတ်တာလည်း ရှိတာပဲ၊ ဝင်သွားပြီး ပြန်မထွက်လာနိုင်မှာ ကြောက်တာ။ အဲ့ကြောင့် ဝင်ပြီးရင် ချက်ချင်းပြန်ထွက်တာ များတယ်” ဟု ၎င်းပန်ဆိုင်းဒေသခံ ကုန်သည်အမျိုးသားက ဆက်ပြောသည်။
လက်ရှိတွင် MNDAA ထိန်းချုပ် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည်ဟု ဆိုသော်လည်း တရုတ်နိုင်ငံဘက်မှ သယ်ယူလာပေးသည့် မီးဖိုချောင်သုံးပစ္စည်းနှင့် သစ်သီးဝလံများသာ ဖြတ်သန်းခွင့်ပြုပြီး မြန်မာပြည်ဘက်မှ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ကူမင်းမြို့၌ တွေ့ဆုံခဲ့သည့် (၇) ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း ဇန်နဝါရီလ (၁၈) ရက်တွင် စတင်အသက်ဝင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်နိုင်ငံက ကြေညာပြီးနောက် ယခုကဲ့သို့ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာခြင်း ဖြစ်သည်။
အလားတူ (၅) လနီးပါးအကြာ ကုန်စည်ဖြတ်သန်းခွင့် ပိတ်ပင်ထားသည့် MNDAA ထိန်းချုပ်ဒေသအတွင်းသို့ တရုတ်သံရုံး၏ ညွှန်ကြားချက်ဖြင့် ‘ဝ’ တပ်ဖွဲ့ UWSA မှ ကုန်စည်စီးဆင်းမှုကို ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။
ထို့အပြင် မြန်မာ-တရုတ် နယ်စပ် UWSA ထိန်းချုပ် ဟိုပန်မြို့နယ်အတွင်းရှိ နမ့်တစ်-မန်ခါး ဂိတ်ကိုလည်း ယမန်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ တရုတ်နိုင်ငံဘက်မှ စက်သုံးဆီများ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။