ရပ်စောက် မြို့သိမ်းတိုက်ပွဲသတင်း ထွက်ပေါ်၊ ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံးကြဲ

ရပ်စောက် မြို့သိမ်းတိုက်ပွဲသတင်း ထွက်ပေါ်၊ ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းတောင်၊ ရပ်စောက်မြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ပြီးနောက် ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက ကျောက်ဂူဒေသကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ဇန်နဝါရီလ ၁၁ ရက်တွင် ပြောသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ်နှင့် ဓနုတပ် (DPLF) တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေရာ ညစဉ် လက်နက်ကြီးပစ်ခတ်မှုသာမက ဒရုန်းဖြင့် ဗုံးကြဲနေရာက ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်း လက်နက်ကြီးပစ်ခတ်ပြီး ညနေ ၅ နာရီဝန်းကျင် လေကြောင်းဖြင့် ဗုံးကြဲသဖြင့် ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။

“ရှေ့တပတ်ထဲ ရပ်စောက်မြို့သိမ်းတိုက်ပွဲ ရှိတယ်ဆိုတဲ့ သတင်းထွက်လာပြီး ပိုကြမ်းလာတာ။ အရင်က ညဘက်တွေ လက်နက်ကြီးပစ်တော့ ညဘက် မအိပ်ရဲဘူး။ နေ့စံ ညခံပေါ့။ မနေ့မနက်ကတော့ ပိုဆိုးလာတယ်။ ညနေ လေယဥ်ကြဲတော့ ဘယ်သူမှ မနေရဲဘူး၊ အကုန်ပြေးကြတာပဲ” ဟု အင်တောမြို့သို့ တိမ်းရှောင်နေသည့် ဒေသခံတဦးက ရှင်းပြသည်။

သျှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ အချက်အချာကျသည့် ကျောက်ဂူဒေသမှ နောင်ချိုမြို့နယ် တောင်ခမ်းဒေသသို့ စစ်ကောင်စီတပ် စစ်ကူများ ပေးပို့နေရာ ဓနုတပ် (DPLF) က ဆက်တိုက် ဖြတ်တောက်တိုက်ခိုက်ရာက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ယနေ့ နံနက်ပိုင်း ကျောက်ဂူဒေသတွင် လက်နက်ကြီး ပေါက်ကွဲသံများ ကြားနေရဆဲဖြစ်ပြီး သျှမ်းမြောက်မှ ပြောင်းလာတင်သည့်ကားများ ပြန်လှည့်သွားပြီဟုသိရကြောင်း ဒေသခံတဦးက ဆိုသည်။

“ဒီနေ့ အင်တောကနေ စစ်ကားတွေ အများကြီး ကျောက်ဂူဘက် တက်တယ်ကြားတယ်။ ပိုဆိုးဖို့ဘဲရှိမယ်။ အခုက ကျောက်ဂူလမ်း ကားမပြောနဲ့ လူတောင် ဖြတ်လို့မရဘူး” ၄င်းက ရှင်းပြသည်။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် တိုက်ပွဲ နောက်ဆုံးအခြေအနေများကို ထပ်မံ မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

သျှမ်းတောင်နှင့် မြောက် ဆက်သွယ်ရာ စစ်ရေးအရ အချက်အခြာကျသည့် ကျောက်ဂူဒေသတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက တော်လှန်ရေးတပ်များ လှုပ်ရှားခဲ့ရာ လက်ရှိ သျှမ်းတပ်နှစ်ခုဖြစ်သည့် RCSS နှင့် SSPP တို့လည်း လှုပ်ရှားနေပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီ၏ ဗထူးတပ်မြို့နှင့် မိုင်အနည်းငယ်သာ ကွဦဝေးသည့် ကျောက်ဂူဒေသရှိ ရဲစခန်းနှင့် ကျောက်ဂူ အမြောက်တပ် (အမတ၃၄၉) ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒရုန်းတစီး သိမ်းပိုက်ရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်ထားသည်။

January 11, 2025
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” အတွင်း...
သျှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာ
January 9, 2025
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ် ထိန်းချုပ်ထားသည့် နယ်မြေများသို့ စစ်ကောင်စီတပ်မှ...
January 8, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီနှင့် ပျူစောထီးများက...
January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...