ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
Myanmar Defence Weapons။
Myanmar Defence Weapons။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက  ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်၊ ချောင်းဝချိုင်၊ ကျောက်ချွန်၊ ရွှေယချိုင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကား ၂ စီးဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဧရာဝတီတိုင်းနဲ့ နယ်ချင်းစပ်ရွာတွေမှာ အင်အားပြန်ဖြည့်နေတာ။ ဂွကို ပြန်ပြီးထိုးစစ်ဆင်ဖို့အတွက် ပြန်ပြီးတော့ ပြင်ဆင်နေတာ။ ရွှေယချိုင်ရွာထဲမှာဆိုရင် စစ်ကောင်စီ ဗျူဟာမှူးထိုင်ပြီး အဲဒီရွာနားက တောင်ပေါ်မှာ လက်နက်ကြီးတပ်ရှိတယ်။ အဲဒီအထဲမှာ တပ်သားအင်အား ၁၀၀ ကျော်ရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက DMG သို့ ပြောသည်။

ယင်းအပြင် ရွှေယချိုင်ကျေးရွာအနီး စစ်ကောင်စီက တင့်ကား ၄ စီးနှင့် စစ်ကား ၁ စီး နေရာယူထားကြောင်း သိရသည်။

ရွှေယချိုင်ကျေးရွာသည် ဂွမြို့၏ တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဂွမြို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း AA က ဒီဇင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဧရာဝတီဘက်မှတစ်ဆင့် စစ်အင်အားကို ပိုမိုဖြည့်တင်းကာ ဂွမြို့ကို ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း မကျီးဇင်ကျေးရွာဘက်သို့လည်း ဇန်နဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်သား ၂၀၀ ထက်မနည်းကို ပို့ဆောင်ခဲ့ကာ ယင်းစစ်ကြောင်းအား ဂွမြို့နယ်အတွင်းသို့ တစ်ဆင့်ထပ်ပို့ရန် ပြင်ဆင်နေကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခု အသစ်ထပ်ပို့နေတဲ့အထဲမှာ အကုန်လုံး စစ်သင်တန်းပေးထားတဲ့အသစ်တွေလို့ ခန့်မှန်းရတယ်။ မကျီးဇင်ဘက်ကို မနေ့က စပို့တာ။ ပြီးတော့ ဂွဘက်ကိုဆင်းဖို့ ပြင်ဆင်နေကြပြီ” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဒီဇင်ဘာလကုန်ပိုင်းမှစတင်ကာ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာရှိ လူနေအိမ်များတွင်လည်း စစ်ကောင်စီတပ်သားများ နေရာယူထားကြောင်း သိရသည်။

ဂွမြို့တွင် စစ်ကောင်စီတပ်ရင်း နှစ်ခုရှိပြီး ခမရ (၅၆၃) တပ်ရင်းကို AA က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကာ လက်ကျန် ခမရ (၅၆၂) တပ်ရင်းကိုလည်း ဒီဇင်ဘာ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော်လည်း ဧရာဝတီတိုင်းအစပ်မှ ဂွမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန် ဒီဇင်ဘာလ ၂၇ ရက်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် လာရောက်ခဲ့ပြီး တပ်ဖွဲ့ဝင်များကို တုံ့ပြန်ပြန်စစ်ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းကြောင့် စစ်ကောင်စီသည် ဂွမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တို့က သုံးသပ်ကြသည်။

“အာရက္ခပြည် လွတ်မြောက်သွားရင်တောင် ဧရာဝတီမှာ ရန်သူရှိသေးတယ်။ ပဲခူးမှာ ရန်သူရှိသေးတယ်။ မကွေးမှာ ရန်သူရှိသေးတယ်။ ချင်းပြည်မှာ ရန်သူရှိသေးတယ်။ ယောဒေသမှာ ရန်သူရှိသေးတယ်ဆိုရင် အာရက္ခပြည်ရဲ့ ရေရှည် အမျိုးသားလုံခြုံရေးကို ထိခိုက်ဦးမှာဖြစ်တယ်။ အဲဒါကြောင်း ဂွတစ်ခုနဲ့ ဧရာဝတီတစ်ခုတည်းပဲ ကွက်ကွက်လေးကြည့်လို့မရဘူး။ အာရက္ခပြည်နဲ့ ဆက်စပ်နေတဲ့ ဘယ်နေရာ ဘယ်အစိတ်အပိုင်းမဆို တိုက်ပွဲတွေက ရှိလာနိုင်တယ်” ဟု ရခိုင် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုဇော်ထွန်းက DMG သို့ ဖြေကြားထားသည်။

ရခိုင်ပြည်တွင် မြို့နယ် (၁၇) ခုရှိသည့်အနက် မြို့နယ် (၁၄) ခုကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (ULA/AA) က ဒီဇင်ဘာလ ၂၉ တွင် ကြေညာထားသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်ဒေသအတွင်းရှိ လက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် (၃) ခုကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

Most read this week

AA တပ်ဖွဲ့ဝင်များမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၄ ခုနှစ်အတွင်း တွေ့ရစဉ်။
January 6, 2025
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် HIV ပိုးထိန်းဆေးဖြစ်သော...
ရခိုင်က မြို့နယ်တစ်ခုတွင် လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
January 6, 2025
ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ အကူအညီရရှိမှု...
January 3, 2025
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ ဇန်နဝါရီလ ၃ နေ့တွင် စစ်ကောင်စီက...
ဓာတ်ပုံ - CINCDS။
January 2, 2025
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်းချမ်အောင် နိုင်ငံရေးနည်း၊...