ဖားအံတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေဟု မြိုခံများပြော

ဖားအံတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေဟု မြိုခံများပြော

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီးကာ တောင်ကလေးရှိ ခြေမြန်တပ်ရင်း (၂၀၁) သို့ ချက်ခြင်းပို့ဆောင်ကာ စစ်သင်တန်းတက်ရောက်ခိုင်းသည်ဟု မျက်မြင်သိရှိသူ မြို့ခံတစ်ဦးက ပြောသည်။

“အခု ဖားအံမှာ အမှတ် ၉ အုပ်ကြီးပေါ့။ နာမည်တော်တော်ဆိုးပါတယ်။ သူက စစ်သားသစ်စုပေးတာ၊ ပေါ်တာဖမ်းတာ၊ လူစားထိုးဖို့ ငွေတောင်းတာကို ဦးဆောင်လုပ်နေတာ တွေ့ရတယ်။ ရဲနဲ့ စစ်တပ်က သူနောက်က လိုက်ရတယ်။ ကားဝင်းတို့ လှာကမြင်လမ်းမတို့ ကြာအင်းလမ်းခွဲတို့ဘက်တွေမှာ ပေါ်တာဖမ်းတယ်။ ပြီးရင် ၂၀၁ တပ်ကို ပို့တယ်၊ အခု အဲ့ဒီမှာ လူ ၂၀၀ သင်တန်းပေးဖို့ကို အခုလူ ၁၀ ကျော်မိထားပြီ၊ လူပြည့်အောင် ဖမ်းဖမ်းပြီးပို့နေတယ်။ တစ်ခြားရပ်ကွက် အုပ်ကြီးတွေလည်း လူဖမ်းပို့ပေးရတယ်” ဟု မျက်မြင်သိရှိသူ မြို့ခံက ပြောသည်။

ယခုလို လူငယ်များကို ဖမ်းဆီးစစ်သားစုဆောင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်ပြုလုပ်နေသည်ဟု မြို့ခံများက ပြောဆိုနေမှုအပေါ် ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုရန် သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်၊ ၁၆ ရက်က ဖားအံမြို့ ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းနှစ်ဦးအား အလုပ်ချိန်အတွင်း ပစ္စည်းပို့ဆောင်ရန်သွားနေစဉ် ဖမ်းဆီးခံရပြီး တောင်ကလေးရှိ ခြေမြန်တပ်ရင်း (၂၀၁) တပ်သို့ ပို့ဆောင်လိုက်သည့်အတွက် လူတစ်ဦးကို ကျပ် ၁၀၀ သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရသည်ဟု မြို့ခံတစ်ဦး ယခုလိုပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်လောက်က ဆောက်လုပ်ရေးပစ္စည်းဆိုင်က အလုပ်သမား ၂ ယောက် ပစ္စည်းပို့ဖို့ ကားတင်ကားချလုပ်ဖို့ လိုက်ပို့တာ လမ်းမှာ ၂ ယောက်လုံး ဖမ်းပြီး တောင်ကလေး ၂၀၁ တပ်ထဲ တန်းပို့တယ်။ သင်တန်းတက်ဖို့ စာရင်းချက်ခြင်းထည့်တယ်။ လိုက်ပြန်ရွေးတော့ တစ်ယောက်ကို သိန်းတစ်ရာနဲ့ ရွေးရတယ်။ အဲ့ဒီမှာ စစ်သင်တန်း လူမပြည့်သေးတော့ ရွေးထုတ်ပေးတဲ့အဖွဲ့နဲ့ ဖမ်းပို့တဲ့အဖွဲ့တွေ ပြဿနာတက်ကြတယ်” ဟု မြို့ပေါ် ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း ရန်ကုန် - ဖားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်နှင့် မော်လမြိုင် - ဖားအံ ဂျိုင်းမြစ်ကူး ဇာသပြင်တံတားထိပ်တို့တွင်လည်း အခြားဒေသမှ ပြည်နယ်အတွင်းသို့ ခရီးသွားလာသူ လူငယ်၊ လူရွယ်များကို စစ်ဆေးဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းနေသည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ဖားအံဒေသခံများက ပြောဆိုသည်။

Most read this week

January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...
January 14, 2025
နန်းဝေဖြိုးဇာ — “အဲဒီတုန်းက အသက် ၁၂ နှစ်ပဲရှိသေးတယ်။ မြေမြှုပ်မိုင်းနင်းမိတော့ ခြေထောက်တစ်ဖက်...
January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...