မိုးစပါးအရည်အသွေး ကျဆင်းနေသဖြင့် အလေးချိန်ဖြင့်သာ ဝယ်ယူ

မိုးစပါးအရည်အသွေး ကျဆင်းနေသဖြင့် အလေးချိန်ဖြင့်သာ ဝယ်ယူ

မွန်ပြည်နယ်ထွက် မိုးစပါးများ ယခုနှစ်တွင် အရည်အသွေးကျဆင်းနေကြောင့် စပါးဝယ်ယူသူတို့ တင်းအစား အလေးချိန်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်ဟု ဆန်စပါးရောင်းဝယ်သူတို့မှ သိရသည်။

ပြီးခဲ့သည့် မိုးစပါးရာသီတွင် စပါးခင်းဖျက်ပိုးကျခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် မြေဩဇာအပြည့်အဝ မပေးနိုင်ခြင်းကြောင့် အထွက်နှုန်းနည်းသည့်အပြင် စပါးခွံ ပါဝင်မှုများပြီး မွန်ဒေသထွက်မိုးစပါး အရည်အသွေးမရှိ ဖြစ်နေသည်။

စပါးအရည်အသွေး နည်းလာခြင်းကြောင့် မွန်ပြည်နယ်ထွက် မိုးစပါးများ ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ တင်ပို့နိုင်ရန် အလေးချိန်ဖြင့် ဝယ်ယူမှသာ တွက်ခြေကိုက်သည်ဟု စပါးရောင်းဝယ်သူတစ်ဦးက ဆိုသည်။

“ကီလိုနဲ့ချိန်ပြီးဝယ်တာက စပါးဝယ်သူတွေအတွက်ကတော့ အဆင်ပြေတယ်။ အလေးအချိန်ပြည့်တဲ့စပါးတွေရတယ်။ တင်းနဲ့ချိန်ပြီး ဝယ်တာကျတော့ တောင်သူတွေရှုံးတယ်။ ဘာကြောင့်လဲဆိုတော့ တင်းနဲ့ဆိုရင် အလေးချိန်မပြည့်တဲ့ စပါးတွေပါလာရင် ဆန်ကြိတ်တဲ့အခါကျရင် ဆန်က မထွက်ဘူး။ ပြီးတော့ အလေးချိန်မပြည့်တဲ့ စပါးတွေဆိုရင်လည်း တစ်ခြားနယ်ကသူတွေကလည်း မဝယ်ကြဘူး” ဟု ၎င်းကပြောသည်။

ယခင်က အလေးချိန်ဖြင့် ရောင်းဝယ်သည့်စနစ်ကို မိုးစပါးပေါ်ကာလတွင် အကြီးစား စပါးလုပ်ငန်းရှင်တို့ကသာ အသုံးပြုသော်လည်း လက်ရှိတွင် စပါးရောင်းဝယ်နေသူတို့အားလုံး ပြောင်းလဲအသုံးပြုလာသည်။

ဆန်စပါးလုပ်ငန်းရှင်၏ သတ်မှတ်ချက်အရ စပါးနှစ်တင်းတွင် ပေါင်ချိန် ၁၀၅ ပေါင်ပြည့်မီရမည်ဟု သတ်မှတ်ထားပြီး ထိုအလေးချိန်အတိုင်း ပြည့်မီခြင်းမရှိသည့် မိုးစပါးများကို လိုက်လံဝယ်ယူသူနည်းသလို စပါးပေါက်ဈေးအတိုင်း မပေးကြောင်း တောင်သူတစ်ဦးက ပြောသည်။

“စပါးဝယ်တဲ့သူတွေက သူတို့သတ်မှတ်ထားတဲ့ ကီလိုပြည့်မှ ဝယ်ကြတယ်။ ဒါပေမဲ့ ကိုယ်စပါးရဲ့ ပေါင်ချိန်က ၉၀ - ၉၅ လောက်ပဲရှိနေတယ်။ ပေါင်ချိန် မပြည့်ဘူးဆိုရင် ဈေးသိန်း ၂၀ ပဲရတယ်။ အပြည့်မရဘူး။ ကိုယ့်မှာ ဘာမှပြောပိုင်ခွင့်မရှိဘူး။ ပြောရင်လည်း စပါးဝယ်တဲ့သူက ကိုယ့်စပါးကို သူတို့မယူဘူး” ဟု အထက်ပါ တောင်သူက ပြောသည်။

လက်ရှိ စပါးပေါက်ဈေးအရ ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၅ သိန်းကျော် ဈေးရှိနေပြီး အလေးချိန်ဖြင့် ရောင်းချရာတွင် သိန်း ၂၀ ဝန်းကျင်သာ ဈေးနှုန်းရရှိနေခြင်းကြောင့် စိုက်စရိတ် ကုန်ကျမှုများခဲ့သည့် တောင်သူတို့အပေါ် အကြပ်ရိုက်စေသည်ဟုလည်း ဆက်ပြောသည်။

ယင်းအခြေအနေကြောင့် အစိုးရထံ ချေးယူထားသည့် မိုးစပါးချေးငွေများ အချိန်မီ ပြန်ဆပ်နိုင်သည့်အခြေအနေ မရှိကြောင်းလည်း တောင်သူတို့က ပြောဆိုသည်။

မွန်ပြည်နယ်တွင် ဆန်စပါးဖူလုံမှု (၁၃၅.၄၉%) ရှိရာမှ ယခုနှစ်တွင် (၁၄၀.၀၈%) အထိ ရရှိရေး စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း မြေပြင်အထားအရ မဖြစ်နိုင်ကြောင်းလည်း ဆန်စပါးလုပ်ငန်းရှင်တို့ သုံးသပ်ထားသည်။

January 11, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်များကို...
January 7, 2025
မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့်...
January 7, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နေရာတို့တွင်...
ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...