တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်း မြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့ - မံစီမြို့အကြား တပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့ - မိုးမောက်ဘက် ၃ မိုင်နေရာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကို အသုံးပြုပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့  စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီး ပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“မြို့ထဲမှာတော့ လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေ ပြည်သူတွေကိုလည်း ထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီး ပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီး ပြန်လှည့်ခိုင်းတာတွေလုပ်တယ်” လို့ ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁ နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဗန်းမော် - မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့ ၄  မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါ သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ ကြားနေရတယ်လို့သိရပြီး လေယာဥ်ခရီးစဥ်အားလုံးလည်း ရပ်နားထားရတယ်လို့ အထက်ပါဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

“လေကြောင်းလိုင်းကတော့ အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ အခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေက ငြိမ်သွားသေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်း သေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်ကလည်း တစ်ခါတစ်လေ ရမ်းသမ်းပစ်ခတ်တာတွေရှိတော့ KIA ဝင်လာတာလားဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၅ နာရီကစလို့ ဗန်းမော် - မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝိုက်ကို လေကြောင်းအသုံးပြုတိုက်ခိုက်တာ ၅ ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့ စတင်လိုက်တဲ့တိုက်ပွဲလို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ မံစီမြို့နယ်ဘက်ကို ဆက်ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

January 9, 2025
ဗန်းမော်ခရိုင် မံစီမြို့ရှိ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက...
January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...